ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ပိုများလာ

  • 26 ဇွန် 2013
Image caption ကုလသမဂ္ဂမူးယစ်ဆေးနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့ ၂၀၁၃ အစီရင်ခံစာ

တရုတ်နိုင်ငံမှာ ဘိန်းဖြူသုံးစွဲမှုပိုများလာပြီး မြန်မာနဲ့လာအိုနိုင်ငံတွေက ထွက်တဲ့ဘိန်းနဲ့တောင် မလုံလောက်တဲ့ပုံရှိကြောင်း ဇွန်လ ၂၆ ရက် ထုတ်ပြန်တဲ့ UNODC ကုလသမဂ္ဂမူးယစ်ဆေးနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမြန်မာနိုင်ငံမှာ မက်အမ်ဖီတမင်း ဆေးပြား ၆ သန်း နီးပါးဖမ်းဆီးရမိခဲ့ပြီး သူ့အရင်နှစ်ကထက် ၇၀ ရာနှုန်း နီးပါး ပိုများလာတယ်လို့ ဆိုထားပါတယ်။

ဒေသတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲဝယ်ယူမှုတွေ ပိုများလာတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ကမ္ဘာ့ မူးယစ်ဆေး တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်တဲ့ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Jason Eligh ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းရာမှာ မြန်မာနိုင်ငံမှာ ခြောက်နှစ်လောက်အတွင်း ဘိန်း စိုက်ပျိုးမှုအခြေအနေကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်လိုနေရာမျိုးမှာ တကယ်တမ်းတခြားအကြောင်းတွေထက် စားနပ်ရိက္ခာမလုံလောက်မှုနဲ့ လူ့လိုအပ်ချက်တွေမပြည့်ဝ နိုင်တဲ့ အတွက် ဘိန်းစိုက်ပျိုးမှု များလာတာကိုတွေ့ရပါတယ်လို့ ပြောပါတယ်။

ဒီလို စိုက်ပျိုးမှုများလာတာဟာ ဘိန်းဝယ်လိုအားများလာတာကြောင့်မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘိန်းဈေးကနှစ်တိုင်းတက်နေပေမယ့်တကယ်တမ်းငွေဖောင်းပွမှုနဲ့ ထည့်တွက်ကြည့်ရင် ဘိန်းစိုက်တောင်သူတွေရတဲ့ ဈေးနှုန်းက တက်မလာပါဘူး။ ဒီတော့ဆင်းရဲမွဲတေမှုကသာ ဘိန်းစိုက်ပျိုးမှုများရခြင်း အကြောင်းရင်းဖြစ်တယ်လို့ UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Jason Eligh က ပြောပါတယ်။

ဝယ်ယူသုံးစွဲမှုများလာတဲ့အချက်ဟာလူအတော်များများအတွက်စိုးရိမ်စရာပါဘဲ။ မေး။ တကယ်တော့မြန်မာနိုင်ငံမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအများကြီးဖြစ်လာခဲ့ပါပြီ။ ပြီးတော့အရင်က ထက်စာရင်တိုင်းရင်းသားဒေသတွေမှာတိုက်ပွဲတွေလည်းနည်းသွားပါတယ်။ ဒီလိုအခြေအနေမှာမူးယစ်ဆေး ဝါးထုတ်လုပ်မှုဟာဘာကြောင့်ကျဆင်းမသွားတာလို့ထင်ပါလဲ။ ဖြေ။ ပထမတချက်ကဒီနိုင်ငံပွင့်လင်းလာတာ ၂ နှစ်လောက်ဘဲရှိပါသေးတယ်။ နှစ်ပေါင်းများစွာအခက်အခဲ နဲ့ရင်ဆိုင်ခဲ့ရတဲ့ဒီနိုင်ငံအတွက်အပြောင်းအလဲတံခါးဝကပွင့်စဘဲရှိသေးတယ်လို့ပြောရမှာပါ။ တခါကျေး လက်ဒေသကလူတွေရဲ့အမြင်နဲ့ကြည့်ရင်အပြောင်းအလဲရဲ့အကျိုးကိုမြို့ကြီးတွေမှာသာခံစားရတဲ့သဘော ရှိပါတယ်။ ဘိန်းတောင်သူတွေဟာလူဆိုးတွေမဟုတ်ကြပါဘူး။ မိသားစုစားဝတ်နေရေးအတွက်ဘိန်းစိုက်ရ တဲ့ဆင်းရဲသားတွေပါ။ မြန်မာပြည်မှာခန့်မှန်းခြေဘိန်းစိုက်သူ သုံးသိန်းလောက်ရှိပါတယ်။ ကမ္ဘာ့ ဘိန်း အထွက်အများဆုံးအာဖဂန်နစ္စတန်မှာတောင် နှစ်သိန်းဘဲရှိပါတယ်။ အခုဆိုရင် RCSS လိုအဖွဲ့ကဘိန်းစိုက် ပျိုးမှုပပျောက်ရေးနဲ့ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မယ်လို့ဆိုလာတယ်၊ အစိုးရကလည်းဒီဒေသတွေဆီပိုပြီး ရောက်လာနိုင်တယ်။ ဒါပေမယ့်အပြင်ကရင်းနှီးမြှုပ်နှံမှုမျိုးမရှိတော့ဝင်ငွေအခွင့်အလမ်းတွေပေါ်မလာပါဘူး။ နောက်တချက်ကဒီဒေသ တွေရဲ့အခြေအနေဟာကိုင်တွယ်ဖို့သိပ်ကိုရှုပ်ထွေးခက်ခဲပါတယ်။ ပြီးတော့မြန်မာနိုင်ငံမှာမက်တာအမ်ဖီတမင်းဆေးပြားတွေရောင်းဝယ်မှုများလာတာဟာလည်းစိုးရိမ်စရာ ဖြစ်ပါတယ်။ဒါကိုတုံ့ပြန်ကိုင် တွယ်ဖို့လိုအပ်နေပါတယ်။ မေး။ နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာလက်ရှိဆောင်ရွက်နေတာ ထက်ပိုကောင်းအောင်ဘာတွေလုပ်နိုင်မယ်လို့ထင်ပါလဲ။ ဖြေ။ ကျွန်တော်မြင်တာတော့မူးယစ်ဆေးတိုက်ဖျက်ရေးကနေဖွံ့ဖြိုးရေးဆောက်ရွက်ဖို့ဖက်ကိုပိုအာရုံစိုက် သင့်ပါတယ်။ ဘိန်းခင်းတွေဖျက်ပြီးတခြားဘာမှမလုပ်ရင်ပြဿနာမပြေလည်နိုင်ပါဘူး။ ဒါကိုအစိုးရကလည်း နားလည်ပါတယ်။ ခုနှစ်ဆန်းပိုင်းတုန်းကအစိုးရဖက်ကတင်ပြတဲ့စာတမ်းတခုမှာဘိန်းကိုအစားထိုးနိုင်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုနေတာကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။ ဆိုတော့ဘိန်းစိုက် တောင်သူတွေအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။