မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာ

  • 27 ဇွန် 2013
Image caption မန်ဒဲလားအတွက် တောင်အာဖရိက ပြည်သူတွေ ဆုမွန်ကောင်း တောင်းပေးနေကြ

ဆေးရုံတင်ထားရတဲ့ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ရဲ့ ကျန်းမာရေး အခြေအနေ အခုအခါ တိုးတက် လာတယ်လို့ တောင်အာဖရိက သမ္မတ Jacob Zuma က ပြောပါတယ်။

မနေ့ညက သူသွားကြည့်ခဲ့တုန်းကထက် စာရင် မစ္စတာ မန်ဒဲလားရဲ့ အခြေအနေက အခုအခါ အတော်လေး ကောင်းလာတယ်လို့ သမ္မတ ဇူးမားက ပြောပါတယ်။

သူ့ရဲ့ အခြေအနေက အသည်းအသန်အခြေအနေမှာ ရှိနေဆဲ ဖြစ်ပေမယ့် ပိုဆိုးမလာဘူးလို့ ဆိုပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ သမီးအကြီးဆုံး ဖြစ်သူ မကာဇီဝီ က သူ့ဖခင်ရဲ့ အခြေအနေ က သိပ်ကောင်းပုံ မပေါ်ပေမယ့် သားတွေ သမီးတွေ မြေးတွေ ကတော့ မျှော်လင့်ချက် ထားထားတုန်း ဖြစ်ကြောင်း၊ ဖခင် ဖြစ်သူက စကားပြောရင် မျက်လုံးဖွင့်ကြည့်ဖို့ ကြိုးစားတာမျိုးလို တုန့်ပြန်မှုတွေ ရှိလာကြောင်း ပြောပါတယ်။

မစ္စတာ မန်ဒဲလားဟာ အဆုတ်အအေးမိ ဝေဒနာနဲ့ ဆေးရုံတက် ဆေးကုသ ခံနေရတာ သီတင်း နှစ်ပတ်ကျော် ကြာသွားပြီ ဖြစ်ပါတယ်။