ဘောလုံးကွင်းပြင်မှာ ဆန္ဒပြ ကွင်းထဲမှာ ပင်နယ်လ်တီ ကန်နေရ

  • 28 ဇွန် 2013
Image caption ရဲနဲ့ ဆန္ဒပြသူတွေ ဆုံကြသော အခါဝယ်

ဘရာဇီး နိုင်ငံ အရှေ့မြောက်ပိုင်းက Fortaleza မြို့မှာ Confederations Cup ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် စပိန်နဲ့ အီတလီ အသင်းတို့ ကစားပွဲ မစခင် ဆန္ဒပြ သမားတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဆန္ဒပြမှုနဲ့ လူအယောက် ၈ဝ ကျော် အဖမ်းခံ ခဲ့ရပါတယ်။

ကစားပွဲ မစခင် နာရီပိုင်း အလိုမှာ လူငါးထောင် လောက်ဟာ အားကစားရုံ ရှေ့ကို ချီတက် သွားခဲ့ကြပြီး ချီတက်သွားကြတဲ့ လူအုပ်က ကြီးပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းဘဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ဘရာဇီးရဲဟာ ပြဿနာ ရှာချင်တဲ့ လူအနည်းအကျဉ်းသာ ပါတဲ့ လူငယ် အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ် လက်တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ရီယိုဒီ ဂျနဲယိုးနဲ့ တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အပြင်မှာ ဆူပူဆန္ဒပြ အကြမ်းဖက်မှုတွေ ဖြစ်နေပေမယ့်မယ့် Confederations Cup ဆီမီးဖိုင်နယ် ပွဲစဉ် ဖြစ်တဲ့ စပိန်နဲ့ အီတလီ အသင်းတို့ ကစားခဲ့တဲ့ ဘောလုံးပွဲမှာ အချိန်ပို ကစားတဲ့ အထိ သရေ ဖြစ်နေတဲ့ အတွက် ပင်နယ်တီနဲ့ ဆုံးဖြတ်ရာမှာ စပိန်က ၇ဂိုး ၆ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။

လာမယ့် တနဂနွေနေ့မှာ အိမ်ရှင် ဘရာဇီး အသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။