လူသုံးယောက်ပေါင်း ကလေးတယောက် ဥပဒေကြမ်း

  • 28 ဇွန် 2013
UK IVF
Image caption မျိုးဗီဇကို ၃ ယောက်ဆီက ယူတဲ့အတွက် ကလေးရဲ့ ကျန်းမာရေးပိုကောင်းနိုင်တယ်လို့ တွေ့ရှိ

ဗြိတိန် နိုင်ငံမှာ ဖန်ပြွန် သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူမယ့် ကလေးတွေ အတွက် မျိုးဗီဇကို လူ ၃ ယောက်ဆီက ရယူခွင့် ပြုမယ် ဥပဒေကြမ်း တင်သွင်းတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ထွန်းလာတော့မယ့် မျိုးဗီဇပေါင်းစပ် သိပ္ပံနည်းပညာသစ်ဟာ မိခင်ရဲ့ မျိုးဗီဇ DNA ထဲက ချို့ယွင်း နေတဲ့ မိုက်တို ကွန်ဒရိယ လျှပ်စစ်သိုလှောင်ရုံ ကို ဖယ်ရှားပြီး အခြား အလှူရှင်ရဲ့ သန်စွမ်းတဲ့ မိုက်တို ကွန်ဒရိယ ကို အစားထည့်သွင်း ပြုပြင်ဖို့ ကြိုးစား နေတာပါ။

ကလေး ၆၅ဝဝ မှာ တယောက် က ဒီချို့ယွင်းချက်နဲ့ မွေးလာလို့ စွမ်းအင်ကို ရယူ သုံးစွဲမှု မပြု နိုင်တဲ့ အတွက် ကြွက်သားတွေ ပျော့ညံ့ကုန်တာ၊ မျက်စိ ကွယ်တာ၊ နှလုံး အားနည်းတာတွေ က အစ သေဆုံးတဲ့ အထိ ဖြစ်လာနိုင် ပါတယ်။

အခု ဒီနည်းနဲ့ ပြုပြင်နိုင်လာရင် ဒီရောဂါတွေ မဖြစ်တော့ဘဲ မိသားစု တွေ အတွက် မျှော်လင့်ချက်တွေ ရှိလာနိုင်ပါတယ်။

ဒီနည်းပညာကို ကန့်ကွက် နေကြတာကတော့ မျိုးရိုးသန့်စင်ပြီး စိတ်ကြိုက် ကလေးရယူ နိုင်တဲ့ စျေးကွက်ကြီး ဖြစ်လာမှာကို ပူပန် ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ မော်တော်ကား အပျက်ကို အကောင်းနဲ့ အစားထိုး မောင်းတာမျိုး ပါပဲလို့ အင်္ဂလန် ဆေးမင်းကြီး ပါမောက္ခ ဆယ်လီ ဒေးဗီးစ် က ဆိုပါတယ်။

ရယူမယ့် သန္ဓေသားမှာ မိဘ ၂ ပါးစုံရဲ့ မျိုးဗီဇ နှစ်သောင်းကျော်နဲ့ သူတပါးရဲ့ မိုက်တိုကွန်ဒရိယ မျိုးဗီဇ ၃၇ ခုပဲ ပါလာမှာပါ။

ဥပဒေကြမ်းကို ဒီနှစ်ထဲ ပြုစုပြီး ၂ဝ၁၄ မှာ ဆွေးနွေး ဆုံးဖြတ် နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။ နယူး ကာဆယ် တက္ကသိုလ်က ဒီနည်းပညာကို ကြီးမှူးလေ့လာနေပါတယ်။