EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း

  • 30 ဇွန် 2013
ဆက်ဆံရေး ထိခိုက်နိုင်ကြောင်း ပြောတဲ့ ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ်ကနေ ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာတွေကို ဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြထားတဲ့ လျို့ဝှက်စာရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြောပါတယ်။

အဲဒီ စာရွက်စာတမ်းကို အခုထွက်ပြေး တိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင် က သူတို့ကို ပြခဲ့တာလို့ ဒက်ရှ် စပီးဂဲလ် က ဆိုပါတယ်။

အဲဒီ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA ဟာ အီးယူကို ပစ်မှတ်ထား ထောက်လှမ်းခဲ့တာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်လို့ ပြောပါတယ်။

အခု စွပ်စွဲ ပြောဆိုနေတဲ့ သူလျှိုလုပ်မှုသာ မှန်ခဲ့တယ် ဆိုရင် အီးယူနဲ့ အမေရိကန်ကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz က ပြောပါတယ်။

တခါ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင် ရဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုနဲ့ ပတ်သက်လို့ အီကွေဒေါ သမ္မတ ဆီကို အမေရိကန် ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်က ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ စနိုဒင်ရဲ့ ခိုလှုံခွင့် တောင်းခံမှုကို ပယ်ချပေးဖို့ မစ္စတာ ဘိုင်ဒင်က ပြောကြားခဲ့ကြောင်း အီကွေဒေါ သမ္မတ ရက်ဖာရာ ကော်ရေးရား က ဆိုပါတယ်။

အခုတော့ မစ္စတာ စနိုဒင်ဟာ မော်စကို နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေပြီး အီကွေဒေါက အဆုံးအဖြတ်ကို စောင့်နေတယ်လို့ ယူဆ နေကြပါတယ်။

အမေရိကန် အစိုးရက လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်နေတယ် ဆိုတဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ အတွက် သူဟာ လျို့ဝှက် ပေါက်ကြားမှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။