နိုင်ငံတကာ ဘောလုံးပွဲ ကျင်းပလို့ ဆန္ဒပြ နေတဲ့ ဘရာဇီးမှာ အိမ်ရှင် အသင်းက ဗိုလ်စွဲ

  • 1 ဇူလိုင် 2013
Image caption ဆန္ဒပြသူတွေက ရဲကို မီးကျည်နဲ့ ပစ် ရဲက မျက်ရည်ယိုဗုံးနဲ့ ပြန်ပစ်

ဘရာဇီးနဲ့ စပိန် အသင်းတို့ Confederations Cup ဗိုလ်လုပွဲ ကစားနေတဲ့ Rio de Janeiro ရီယိုဒီ ဂျနဲရိုး မြို့က Maracana မာရာကားနား ဘောလုံးကွင်းနားမှာ ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရေးတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသမားတွေက မီးကျည်မီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေကလည်း မျက်ရည်ယိုဗုံး သုံးပြီး တုန့်ပြန် လူစုခွဲခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ ဘောလုံးကွင်းနားကို ကပ်လာတာကို ရဲက ရပ်တန့်ဖို့ ကြိုးစားနေပါတယ်။

ဒါဟာ ဘရာဇီး အတွက် အကြီးဆုံးသော ဘောလုံးပွဲ လုံခြုံရေး ထိန်းသိမ်းမှု ဖြစ်ပါတယ်။

နောက်နှစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကို အကုန်အကျခံ ကျင်းပနေပြီး လူထု ဝန်ဆောင်မှုတွေကတော့ ဆိုးဆိုးရွားရွား ချို့တဲ့မှုတွေ ရှိနေတာ ၊ အကျင့်ပျက် ချစားမှုတွေ ဖြစ်နေတာ စတဲ့ အကြောင်းတွေ အပေါ် နိုင်ငံတလွှား ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး သီတင်းပတ် အတော်ကြာ ကျင်းပနေတဲ့ ဘောလုံးပွဲတွေကို အဓိကထား ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်တုန်းက ဖွင့်ပွဲ အခန်းအနားမှာ လူထုရဲ့ ပြောလှောင်မှု ခံခဲ့ရပြီးတဲ့နောက် ဘောလုံး ကစားပွဲတွေကို မတက်ဖို့ သမ္မတ ဂျီမာ ရူးဆက်ဖ်က ဆုံးဖြတ်ခဲ့ပါတယ်။

ကစားကွင်း အပြင်မှာ ဆူပူ ဆန္ဒပြမှု ဖြစ်နေပေမယ့် ဘရာဇီး အသင်းနဲ့ စပိန် အသင်းတို့ ကန်တဲ့ ဗိုလ်လုပွဲမှာ ဘရာဇီး က စပိန်ကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် Confederations Cup ဖလားကြီးကို အိမ်ရှင် ဘရာဇီး ဆွတ်ခူး သွားခဲ့ပါပြီ။

တတိယ နေရာ အတွက် ကန်တဲ့ ပွဲမှာတော့ အီတလီနဲ့ ဥရုဂွေး အသင်းတို့ ကစားရာမှာ သရေကျနေတာကြောင့် ပင်နယ်လ်တီနဲ့ အဆုံးအဖြတ် ပေးရာမှာ အီတလီက သုံးဂိုး ကန်သွင်းနိုင်ခဲ့ပြီး ဥရုဂွေးက နှစ်ဂိုးသာ သွင်းနိုင် ခဲ့တာကြောင့် အီတလီက တတိယနေရာကို ရသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ