လူ့ဘဝမှာ အရသာ ဘယ်လောက် အရေးကြီးသလဲ

  • 1 ဇူလိုင် 2013
Senses

အိုလံပစ် နှစ်ထပ်ကွမ်း ရွှေတံဆိပ် ဆုရှင် ဂျိမ်းမ်စ် ကရက်က် နဲလ် ဟာ ဦးနှောက်ဒဏ်ရာရပြီးနောက် အနံ့နဲ၌ အရသာကို အာရုံခံစားလို့မရတော့ဘူးလို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ အနံ့နဲ့ အရသာဟာ ဘယ်လောက်များ အရေးကြီးပါသလဲ။

ဒွန်ကန် ဘုတ်ခ် ဆိုသူဟာလည်း ၂၀၀၅ ခုနှစ်မဓှာ ဦးနှောက်မှာ အပြင်းအထန် ဒဏ်ရာ ရပြီးနောက် အနံ့ခံနိုင်စွမ်းပျောက်သွားခဲ့ပါတယ်။

အနံ့ဟာ အရသာရဲ့ ၈၀ ရာနှုန်းကို စိုးမိုးတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ ဒီတော့ အနံ့ပျောက်တယ်ဆိုတာဟာ အရသာခံနိုင်စွမ်းကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။

အနံ့ခံနိုင်စွမ်းပျောက်သွားရင် ဘယ်လို ဖြစ်သွားတယ်ဆိုတာ ကိုယ်တိုင် မကြုံဖူးတဲ့ လူကို နားလည်အောင် ရှင်းပြရတာ တော်တော်ခက်ပါတယ်လို့ ဒွန်ကန် ဘုတ်ခ် ကပြောပါတယ်။

ဘာနဲ့ တူသလဲဆိုတော့ ဘဝရဲ့ အရသာကို ကိုယ်တိုင် မခံစားရတော့ဘဲ ပွဲကြည့်ဘေးပရိသတ်ဖြစ်သွားတာနဲ့ တူတယ်လို့ သူကဆိုပါတယ်။ ပွဲကြည့်ပရိသတ်တောင်မှ မှန်တချပ်ခြားပြီး နောက်ကွယ်က ကြည့်ရတဲ့သူလိုပါပဲလို့ သူက ဆိုပါတယ်။

ဂျိမ်းမ်စ် ကရက်က် နဲလ် ကလည်း ဓါတ်ဆီကားတစီးနဲ့ သူ့စီးလာတဲ့ စက်ဘီး တိုက်မိပြီး ခေါင်းမှာ ဒဏ်ရာရသွားရာကနေ အနံ့ရောအရသာပါ သိပ်မခံစားနိုင်တဲ့ အဖြစ်ကို ရောက်သွားသူပါပဲ။

သူ့အတွက်တော့ အစာစားတယ်ဆိုတာ အသက်ရှင်ဖို့ အတွက် စားမှ ဖြစ်မယ်ဆိုတဲ့ အသိစိတ်နဲ့စားနေရတယ်လို့ဆိုပါတယ်။

အစာစားတာဟာ သူ့အတွက်တော့ တာဝန်ကြီးတခုလိုပါပဲတဲ့။ မော်တော်ကားတိုင်ကီမှာ ဓါတ်ဆီဖြည့်ပေးနေရသလိုပါပဲတဲ့။

ရေရှည်မှာဆိုရင် အနံ့အရသာကို မခံစားနိုင်သူများဟာ စိတ်ဓါတ်ကျရောဂါရလာ တတ်ကြတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။

အနံ့အရသာ မရလို့ စိတ်ဓါတ်ကျဆင်းမှုဟာ မျက်စိကန်းသွားလို့ စိတ်ဓါတ်ကျဆင်းသွားတာ ထက်တောင် ပိုဆိုးတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။