အီဂျစ် သမ္မတ ထွက်ဖို့ ရက်ချိန်းစေ့ပြီ

  • 2 ဇူလိုင် 2013
egypt
Image caption သမ္မတ နုတ်ထွက်ဖို့ တောင်းဆို ထားတဲ့ ရက်ချိန်း ကုန်ဆုံး

ထောင်သောင်း ချီတဲ့ အီဂျစ် နိုင်ငံသားတွေ ကိုင်ရိုမြို့ Tahrir ရင်ပြင်မှာ တတိယ မြောက် နေ့ ဆန္ဒပြ နေချိန်မှာပဲ သမ္မတ မော်စီ နုတ်ထွက်ဖို့ တောင်းဆို ထားတဲ့ ရက်ချိန်း ကုန်ဆုံး သွားပါတယ်။

တနင်္ဂနွေ နေ့ လူထု ဆန္ဒပြပွဲ ကြီးတွေ ဖြစ်ပွားပြီး နောက် ဝန်ကြီး ၅ ယောက် နုတ်ထွက် ခဲ့ပြီး အခုလည်း သမ္မတ နဲ့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ယောက် စလုံး ရာထူးက နုတ်ထွက် သွားကြပါတယ်။

၂ ရက် အတွင်း ဘက်ပေါင်းစုံက ပဋိပက္ခ တွေ အမြန် အေးငြိမ်း အောင် ဖြေရှင်းဖို့ စစ်တပ်က တနင်္လာ နေ့က ပေးတဲ့ ရာဇသံ ကိုလည်း သမ္မတ ရဲ့ ကြေညာချက်က ပယ်ချ ခဲ့ ပါတယ်။

စစ်တပ်က သူ့ရာဇသံကို နောက်ဆုတ် ပေးတော့မှာ မဟုတ်ဘဲ အီဂျစ်မှာ ပြည်တွင်းစစ် မလွဲမသွေ ဖြစ်ဖို့ ရှိနေပြီလို့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး Dr Salama ကဘီဘီစီကို ပြောကြား ပါတယ်။

မနက်ဖန်မှာ စစ်တပ်က ပေးတဲ့ ရက်ချိန်း အချိန်စေ့မှာ ဖြစ်ပါတယ်။

အတိုက်အခံ တွေ ဘက်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Mohammed ElBaradei ကို သူတို့ရဲ့ ကိုယ်စားလှယ် အဖြစ် ရွေးချယ် ထားပါတယ်။

သမ္မတ ရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကလည်း သမ္မတကို ထောက်ခံတဲ့ အနေနဲ့ တန်ပြန် ဆန္ဒပြနေ ကြပြီး တွေ့ဆုံ ဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းလို့ ရမယ်လို့ ထပ်မံ သတိပေး ခဲ့ပါတယ်။

အဓိက အတိုက်အခံ ဖြစ်တဲ့ အမျိုးသား ကယ်တင်ရေး တပ်ဦး ကတော့ သူတို့ အနေနဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို ယုံကြည် ပေမယ့် အာဏာသိမ်းမှာ ကိုတော့ ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ