စစ်တပ်ရာဇသံ ရုပ်သိမ်းဖို့ အီဂျစ်သမ္မတ မော်စီပြော

  • 3 ဇူလိုင် 2013
Image caption သမ္မတမော်စီ ရုပ်သံကနေ မိန့်ခွန်းပြော

အီဂျစ်နိုင်ငံမှာ သမ္မတမော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ သမ္မတမော်စီက စစ်တပ်ရဲ့ ရာဇသံကို ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပြီး သူ့ကို သြဇာပေးလို့မရဘူးလို့ ပြောကြားလိုက်ပါတယ်။

အခု ဖြစ်နေတဲ့ အကျပ်အတည်းကို ဒီကနေ့ ညနေ မတိုင်ခင် ပြေလည်အောင် ဖြေရှင်းဖို့ တနင်္လာနေ့က စစ်တပ်က ရာဇသံပေးထားတာ ဖြစ်ပါတယ်။

သူဟာ တရားမျှမျှတတ ပွင့်လင်းမြင်သာမှုနဲ့ ရွေးကောက်ခံထားရသူဖြစ်တယ်လို့ မကြာလေးခင်ကလုပ်ခဲ့တဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကိုဘဲ ဖြစ် ဖြစ် တခြားသူတွေကိုဘဲ ဖြစ်ဖြစ် အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သမ္မတမော်စီက အမိန့်ပေးခဲ့ပါတယ်။

ကိုင်ရိုမြို့ လမ်းမတွေမှာ ဆန္ဒပြတာတွေ ညဘက်အထိ ဆက်ရှိနေပြီး တဘက်နဲ့ တဘက် ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုများလာနေတယ်လို့ သတင်းရပါတယ်။

သိရသလောက် လူ ( ၇ )ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လမ်းပြ မြေပုံ

Image caption အီဂျစ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး စီစီ

ဒီအတောအတွင်းမှာတော့ အီဂျစ်နိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်က ရေးဆွဲထားတယ်ဆိုတဲ့ လမ်းပြမြေပုံ အသေးစိတ်ကို အီဂျစ်စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဘီဘီစီ ကို ပေးခဲ့ပါတယ်။

အဲဒီထဲမှာ အစ္စလမ်မစ်တွေ အလိုကျ အမြန်ရေးဆွဲခဲ့တယ်လို့ အတိုက်အခံတွေ ပြောကြတဲ့ သမ္မတမော်စီရဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံအသစ်ကို ဆိုင်းငံထားဖို့ ပါပါတယ်။

နောက်ပြီး အစ္စလမ်မစ်တွေ လွှမ်းမိုးနေတဲ့ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့ တွေလည်း ပါပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ သမ္မတရွေးကောက်ပွဲ ပြန်ကျင်းပတဲ့ လုပ်ငန်းစဉ်တွေမှာ မစ်စတာ မော်စီ ဘယ်လို ကဏ္ဍက ပါမယ်ဆိုတာကို အသေအချာမသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ