Abu Qatada ကို ဗြိတိန် ကနေ ဂျော်ဒန်ကို ပြန်ပို့

  • 7 ဇူလိုင် 2013
Abu Qatada
Image caption Abu Qatada ရဲ့ နာမည် အရင်းကOmar Othman ဖြစ်ပြီးတော့ သူဟာ ဂျော်ဒန်မှာ ကြီးလာတာ ဖြစ်ပါတယ်

အကြမ်းဖက် တိုက်ခိုက် မှုတွေနဲ့ ဆက်စပ်မှု ရှိတယ် ဆိုပြီး ဗြိတိန်မှာ ဖမ်းဆီး ထားတဲ့ အစ္စလာမ် အစွန်းရောက် ဘာသာရေး ခေါင်းဆောင် Abu Qatada ကို ဂျော်ဒန် နိုင်ငံကို ပြန်ပို့ လိုက်ပြီ ဖြစ်ပြီး သူဟာ အဲဒီမှာ အကြမ်းဖက်မှု စွဲချက်တွေနဲ့ တရား ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

Abu Qatada ရဲ့ နာမည် အရင်းကOmar Othman ဖြစ်ပြီးတော့ သူဟာ ဂျော်ဒန်မှာ ကြီးလာတာ ဖြစ်ပါတယ်။ အခု ဂျော်ဒန်ကို ပြန်ရောက် သွားတာဟာ အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ပြန်ရောက် သွားတာ ဖြစ်ပါတယ်။

သူဆိုက်လာတဲ့ မာကာ စစ်လေယာဉ်ကွင်းမှာ လုံခြုံရေး တင်းကျပ် ထားပြီး၊ ချက်ခြင်း ဆိုသလို အနီးက နိုင်ငံ့ လုံခြုံရေး တရားရုံးကို ခေါ်ပြီး စစ်ဆေးခဲ့ ပါတယ်။ အာဏာပိုင်တွေ ကတော့ ယုံကြည် စိတ်ချရမှု ပွင့်လင်းမှု ရှိမယ်လို့ ပြောပါတယ်။

ဂျော်ဒန်မှာ အကြမ်းဖက်မှုနဲ့ သူဟာ အမှု နှစ်ခု ရင်ဆိုင် နေရပါတယ်။ တခု ကတော့ ၁၉၉၈ ခုနှစ်တုန်းက ဟိုတယ် တလုံး၊ ခရစ်ယာန် ဘာသာရေး နေရာနဲ့ အစ္စရေး နယ်စပ် ဖြစ်တဲ့ နေရာတွေမှာ ထောင်စုနှစ် ပွဲတွေလုပ်တုန်း တိုက်ခိုက်ဖို့ ပူပေါင်း ကြံစည်မှုနဲ့ တရားစွဲထား တာပါ။

ဂျော်ဒန် အစိုးရ ကတော့ သူ့ကို မျှမျှ တတ စစ်မယ်၊ အခု ပြန်စစ်ဆေး ရာမှာ ညှင်းပန်း မှုက ရတဲ့ ထွက်ချက်တွေ သုံးမှာ မဟုတ်ဘူးလို့ ယူကေကို အာမခံ ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အပတ် ကမှ ရခဲ့တဲ့ သဘောတူညီချက်ကို ကျင့်သုံးမှာ ဖြစ်တယ်လို့ အာမန်က အရှေ့ အလယ်ပိုင်း ရေးရာ သတင်းထောက် Yolande Knell က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ