အီဂျစ် ဆန္ဒပြမှု အတွင်း လူ ၄၀ ကျော် သေဆုံး

  • 8 ဇူလိုင် 2013
Image caption စစ်တပ် အရာရှိ တဦး အပါ အဝင် လူ ၄၂ ဦး ထက်မနည်း သေဆုံး ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီး ဌာနက ပြော

အီဂျစ် နိုင်ငံမှာ သမ္မတ မော်စီကို ရာထူး ကနေ ဖယ်ရှား လိုက်တဲ့ အတွက် ဆူပူ အုံကြွမှုတွေ ဆက်ဖြစ်ပွား နေချိန်မှာပဲ ကိုင်ရို မြို့တော်က စစ်တန်းလျား တခု နားမှာ အနည်းဆုံး လူ ၄၂ ဦး ပစ်သတ် ခံခဲ့ရပါတယ်။

မစ္စတာ မော်စီကို ထိန်းသိမ်း ထားတယ်လို့ ယူဆ ရတဲ့ သမ္မတ ကိုယ်ရံတော် ကလပ် အဆောက် အအုံ ရှိရာ စစ်တန်းလျား တခုနား မှာ သူ့ကို ထောက်ခံ အားပေးသူ Muslim Brotherhood အဖွဲ့ဝင်တွေ ထိုင် ဆန္ဒပြ နေတုန်း အခုလို ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့ တာပါ။

ဒီ ပစ်ခတ်မှုတွေ အတွင်း စစ်တပ် အရာရှိ တဦး အပါ အဝင် အနည်းဆုံး လူ ၄၂ ဦး သေဆုံး ခဲ့တယ်လို့ အီဂျစ် ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

Muslim Brotherhood အဖွဲ့ ကတော့ သေဆုံးသူ ပေါင်း ၅၃ ဦးလောက် ရှိပြီး အဲဒီထဲမှာ ကလေးငယ်တွေ ပါတယ်လို့ ပြောနေ ပါတယ်။ ဒီပစ်ခတ်မှုတွေ အတွင်း လူ ၃၀၀ လောက်လည်း ဒဏ်ရာ ရသွား တယ်လို့ သတင်းတွေက ဆိုပါတယ်။

တခါ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဘယ်လို စဖြစ် ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက် လို့လည်း သတင်းတွေ အမျိုးမျိုး ထွက်ပေါ် နေပါတယ်။ ထိုင်ဆန္ဒပြ နေသူ တွေ အရုဏ်ဦး ဘုရား ဝတ်ပြုနေကြတုန်း စစ်တပ်က ဝင်စီး တိုက်ခိုက် ခဲ့တာလို့ Muslim Brotherhood အဖွဲ့ဘက်က ပြောပါတယ်။

စစ်ဦးစီးချုပ် အဗ္ဗဒူလ် ဖာတာ အယ်လ် စီစီဟာ လုပ်ကြံ သတ်ဖြတ်သူ၊ သားသတ် သမား တဦး ဖြစ်တယ် ဆိုပြီး Muslim Brotherhood အဖွဲ့ ဘက်က ပြောပါ တယ်။ ဒါပေမယ့် အစိုးရ သတင်း မီဒီယာတွေ ကနေ ထုတ်လွှင့်တဲ့ စစ်တပ်ရဲ့ ကြေညာချက် ထဲမှာတော့ ဒီ ပစ်ခတ် တိုက်ခိုက်မှုဟာ စစ်တန်းလျားကို ဝင်စီးဖို့ ကြိုးစား ခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက် အုပ်စု တစုရဲ့ လက်ချက် ဖြစ်တယ်လို့ ပြောသွား ပါတယ်။

တကယ်တမ်း ဒီပစ်ခတ် မှုတွေကို ဘယ်သူ့ ဘက်ကပဲ လုပ်လုပ် အခုလို လူတွေ အများကြီး သေခဲ့ရတာ အတွက် အီဂျစ် ပြည်သူတွေ အနေနဲ့ အတော့်ကို တုန်လှုပ် သွားခဲ့ကြရ ပါတယ်။

အဲဒီ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ အပြီးမှာပဲ အီဂျစ် နိုင်ငံရဲ့ အကြီးဆုံး ဆာလာဖီ ဝါဒီ အဖွဲ့ကြီး ဖြစ်တဲ့ အစ္စလာမစ်စ်တ် နူအာ ပါတီက ဒီပစ်ခတ် မှုတွေဟာ လူတွေ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး တခုပဲ လို့ ပြောဆို လိုက်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ တခုဖွဲ့ဖို့ ကြားဖြတ် သမ္မတ Adly Mansour နဲ့ တက်သုတ်ရိုက် ဆွေးနွေး ပြောဆို မှုတွေ ကနေ သူတို့ ပါတီ နှုတ်ထွက် တော့မယ်လို့ ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။

နူအာပါတီဟာ မစ္စတာ မော်စီ ကို သမ္မတ ရာထူး ကနေ ဖြုတ်ချဖို့ တောင်းဆို ခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

အခု နောက်ဆုံး ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အီဂျစ် နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေး အရ ဖြေရှင်းဖို့ ကြိုးပမ်း နေမှုတွေ လမ်းချော် သွား နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် Jim Muir က သုံးသပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ