အီဂျစ်မှာ ညွန့်ပေါင်း မဖွဲ့နိုင်သေး

  • 9 ဇူလိုင် 2013
Hazem el-Beblawi
Image caption မွတ်ဆလင် အဖွဲ့ကို Hazem el-Beblawi ကမ်းလှမ်း

ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဖယ်ရှား ခံရတဲ့ အီဂျစ် သမ္မတဟောင်း မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ကို ဝန်ကြီး နေရာတွေ ကမ်းလှမ်းမှာ ဖြစ်ကြောင်း အီဂျစ် ဝန်ကြီးချုပ် နေရာ လျာထား ခံရတဲ့ Hazem el-Beblawi က ဆိုပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ ထိပ်တန်း လူကြီး တဦးကတော့ သမ္မတ မော်စီကို အာဏာ ပြန်မအပ်မချင်း အဖွဲ့ အနေနဲ့ ဘယ် အစိုးရ မှာမှ ဝင်ပါမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ညီနောင်များ အဖွဲ့ က ပြောခွင့်ရ Gehad El-Haddad ကတော့ စစ်တပ်ဆိုတာ ဘားတိုက်နဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံရေးမှာ ဘာမှ ကြားက ပါစရာ မလိုပါဘူး။ ဘယ်ဘက်မှလည်း သူတို့ မလိုက်သင့် သလို လမ်းပြ မြေပုံ ဆိုတာလည်း သူတို့ မရေးတတ်တာက သေချာပါတယ်လို့ စစ်တပ်ရဲ့ စွက်ဖက်မှုတွေကို ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

နိုင်ငံရေး အပြောင်းအလဲကို ဝင်ပြီး နှောင့်ယှက်မှု မှန်သမျှ သည်းခံမှာ မဟုတ်ဘူးလို့ အီဂျစ် စစ်တပ်က သတိပေးချက် ထွက်လာပြီးနောက် ဒီလို ကြေညာ ခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေးတွေ ပိုလုပ်စေချင်တယ်လို့ အကြောင်းပြပြီး ကြားဖြတ် သမ္မတ ရဲ့ အမိန့် ဒီကရီကိုလည်း ပင်မ လစ်ဘရယ် ညွန့်ပေါင်း အဖွဲ့က ပယ်ချ ခဲ့ပါတယ်။

ဒီလို နိုင်ငံရေး အကျပ် ဆိုက်နေချိန် မှာပဲ သမ္မတ မော်စီကို ဖယ်ရှား လိုက်တဲ့ အစိုးရသစ်ကို ထောက်ခံတဲ့ အနေနဲ့ ပင်လယ်ကွေ့ က သူဌေး တိုင်းပြည် ၂ ခု ကလည်း အီဂျစ်ကို စီးပွားရေး အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်း လာကြပါတယ်။

အာရပ် စော်ဘွားများ ပြည်ထောင်စု က ဒေါ်လာ သန်း ၂ ထောင် ထုတ်ချေးပြီး သန်း တထောင် အကူအညီ ပေးဖို့ ကတိပြု ခဲ့သလိုပဲ ဆော်ဒီ အာရေဗျ ကလည်း ဒေါ်လာ သန်း ၅ ထောင်တန် အကူအညီတွေ ပေးမယ်လို့ အတည်ပြု ခဲ့ပါတယ်။

ဒီ အစ္စလာမ် နိုင်ငံ ၂ ခုက မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံသူ တွေ မဟုတ်ကြပါဘူး။

အီဂျစ် အခြေအနေ ကလည်း နိုင်ငံခြား အကူအညီတွေ အမြန်ဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ