မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

  • 10 ဇူလိုင် 2013
 girl pregnancy
Image caption မိန်းကလေးငယ် ကိုယ်ဝန်ဆောင်မှုတွေ ရှိနေ

ဇူလိုင်လ ၁၁ ရက် နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။

မိန်းကလေး တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးတာ၊ ကျူးလွန် စော်ကား ခံရတာ၊ ပညာသင်ခွင့် ဆုံးရှုံးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေနဲ့ သေဆုံး ချည့်နဲ့ တဲ့ထိ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ က မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံ မှာတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ ဥပဒေ ကို လွှတ်တော်မှာ အခြေအတင် ငြင်းခုံ နေကြပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေမှာ အမျိုးသမီးတွေကို သန္ဓေ ဖျက်ခွင့် ပေးတဲ့ ပြင်ဆင်ချက် ၁၆ဝ ကျော် ပါတဲ့ ဥပဒေကို လွှတ်တော်မှာ အများစု ထောက်ခံမဲနဲ့ တင်သွင်း ခဲ့ပေမယ့် အစိုးရက ပယ်ချ ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က ဒီဥပဒေ အရေး ကြာသပတေးနေ့ လွှတ်တော်မှာ ဆက်လက် ဆွေးနွေးခွင့် ပြုခဲ့ပါတယ်။

ပဋိသန္ဓေ မလိုချင်ဘဲ လွယ်ရ တာတွေ အဆုံးသတ်ဖို့၊ ဘေးကင်း စိတ်ချ ရတဲ့ မီးဖွားမှု တွေ ဖြစ်ဖို့နဲ့ လူငယ် ဘဝ အညွန့်တလူလူ တက်နေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ လူဦးရေ နေ့မှာ ကုလ သမဂ္ဂက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ လူဦးရေ တိုးပွားမှု ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ မပြောနိုင်သေး ပေမယ့် ကျန်းမာရေး လူမှုရေး ရှုထောင့် အရ မိသားစု သားဆက်ခြား စီမံကိန်းတော့ ရှိဖို့ လိုအပ်တယ်လို့ ပညာပေးရေး လုပ်ဆောင် နေသူတွေက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ