ပါကစ္စတန် ကျောင်းသူ ကုလမှာ မိန့်ခွန်းပြော

  • 12 ဇူလိုင် 2013
Image caption အမျိုးသမီးတွေ ပညာသင်ခွင့် လှုပ်ရှားသူ မာလာလာ

ပါကစ္စတန်မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ ပါကစ္စတန် ကျောင်းသူလေး မာလာလာ ယူဆွပ်ဖ်ဇေး ၁၆ နှစ်ပြည့် မွေးနေ့ မှာ ကုလ သမဂ္ဂမှာ မိန့်ခွန်းပြော ခဲ့ပါတယ်။

ခါတိုင်း သံတမန်တွေနဲ့ ပြည့်နေတဲ့ ကုလသမဂ္ဂ ရုံးချုပ် ဟာ မနေ့ကတော့ ကမ္ဘာတဝှမ်းက အသက် ၁၂ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် ၅ဝဝ လောက်နဲ့ ပြည့်နှက်နေ ခဲ့ပါတယ်။

ကုလသမဂ္ဂ စကားပြော စင်မြင့်ကို သူတက်လာချိန်မှာ လူတွေက အကြီးအကျယ် သြဘာ ပေးခဲ့ကြပါတယ်။

အစွန်းရောက် တွေဟာ စာအုပ်နဲ့ ဖေါင်တိန်ကို ကြောက်ကြတယ်၊ ပညာရေးရဲ့ သြဇာကို သူတို့ ကြောက်ကြတယ်။ အမျိုးသမီး တွေကို သူတို့ ကြောက်ကြတယ်၊ အမျိုးသမီး တွေရဲ့ အသံ ကို သူတို့ ကြောက်ကြ တယ်။ ဒါကြောင့် လောလောဆယ် Qutta ကွက်တာမှာ အပြစ်မဲ့ ကျောင်းသား ၁၄ ယောက်ကို သူတို့ သတ်ခဲ့ ကြတာလို့ Malala က ပြောခဲ့ ပါတယ်။

မာလာလာဟာ ခံစားမှု အပြည့် နဲ့ အားနဲ့ မာန်နဲ့ ဒီလိုပြောခဲ့ချိန်မှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ ပါကစ္စတန် ခေါင်းဆောင် ဘနာဇီယာ ဘူတိုရဲ့ ပန်းရောင် ပုဝါကို ခြုံထား ခဲ့တာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က ဆိုရင် သူဒီလို ကုလသမဂ္ဂမှာ စကားပြောဖို့ ဆိုတာကို စိတ်ကူးတောင် ယဉ်ခဲ့မိမှာ မဟုတ်ပါဘူး။

ပါကစ္စတန် အနောက်မြောက်ပိုင်း ဆွတ် Swat Valley တောင်ကြားမှာ မနှစ် အောက်တိုဘာက သူစီးလာတဲ့ ဘတ်စကားကို တာလီဘန်တွေ ပစ်ခတ်ခဲ့လို့ ခေါင်းမှာ ဒဏ်ရာ ရခဲ့ပါတယ်။ အမျိုးသမီး တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား နေတာကို တာလီဘန် တွေက မကြိုက်လို့ တမင် သူစီးလာတဲ့ ကားကို တိုက်ခိုက် ခဲ့တာပါ။

ဒီလို ဒဏ်ရာရခဲ့ ပြီးနောက် မနေ့က ကုလသမဂ္ဂမှာ ပထမဆုံး လူထုရှေ့ စကား ပြောခဲ့တာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အနေနဲ့ စာမတတ်မှု ပပျောက်ရေး ဆင်းရဲ နွမ်းပါးမှု နဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကြိုးစား လုပ်ဆောင် ကြပါစို့ ၊ စာအုပ်တွေ ဖေါင်တိန်တွေ ကိုင်ကြပါစို့ ၊ ဒါတွေဟာ အင်အား အကောင်းဆုံး လက်နက် တွေပါ။ ကလေး တယောက် ဆရာတဦး နဲ့ စာအုပ် တအုပ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပညာရေးဟာ တခု တည်းသော အဖြေပါ၊ ပညာရေးဟာ ပထမပါလို့ အားနဲ့ မာန်နဲ့ ပြောသွား ခဲ့ပါတယ်။

သူ့ကို တာလီဘန်တွေက နှုတ်ပိတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူးလို့ ပြောခဲ့ ပါတယ်။

မာလာလာဟာ အမျိုးသမီး တွေရဲ့ ပညာရေး ကိစ္စကို တကမ္ဘာလုံး အာရုံစိုက် လာအောင် လုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ အမျိုးသမီးငယ် ၂၅ ရာခိုင်နှုန်း ဟာ မူလတန်း ပညာကို ပြီးမြောက်အောင် မသင်နိုင်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ကလဲ ဒီအခမ်းအနားမှာ စကား ပြောခဲ့ပြီး မာလာလာဟာ ကျနော်တို့ရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ