ဆီရီးယား သူပုန် အဖွဲ့ကွဲ တွေ အတွင်း လုပ်ကြံသတ်ဖြတ်

  • 12 ဇူလိုင် 2013
ဆီရီးယား လွတ်မြောက်ရေး တပ်
Image caption ဆီရီးယား လွတ်လပ်ရေး တပ်ဖွဲ့ဝင်တွေ

ဆီးရီးယား အစိုးရ ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဆီးရီးယား လွတ်လပ်ရေးတပ် က ထိပ်တန်းတပ်မှူး တစ်ဦးကို သူတို့ နဲ့ မဟာမိတ်လုပ်ထားတဲ့ ပြိုင်ဘက် သူပုန်အဖွဲ့က သုတ်သင်ခဲ့ပါတယ်။

ဒီ သူပုန် အဖွဲ့ ဟာ အယ်လ်ခိုက်ယီးဒါးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ ဖြစ်တယ်လို့ လည်း သိရပါတယ်။

သတ်ဖြတ်ခံရတဲ့ ခေါင်းဆောင် ကာမဲ ဟမ်မာမီဟာ Islamic State of Iraq and the Levant အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး တိုက်ပွဲအကြောင်း ဆွေးနွေးစဉ် သတ်ဖြတ်ခံရတာပါ။

အစ္စလာမ်မစ် သူပုန်တွေဟာ စစ်ကောင်စီအဖွဲ့ဝင် အားလုံးကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဖုန်းကတဆင့် ဆီရီးယားလွတ်လပ်ရေးတပ် ကို ဆက်သွယ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက ထောက်ခံတဲ့ သူပုန်တွေနဲ့ အစ္စလာမ်မစ်အဖွဲ့တွေ ထောက်ခံတဲ့ သူပုန်တွေကြား အားပြိုင်မှု တွေ ပြင်းထန်လာနေတယ်လို့ အဲဒီဒေသတွင်းက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ ဟမ်မာမီ အသတ်ခံရတာဟာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လုပ်နေတဲ့ အတိုက်အခံလှုပ်ရှားမှု အတွက် ကြီးမားတဲ့ အားယုတ်လျော့မှု တစ်ခု ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။