အစ္စလာမ္မစ် ခေါင်းဆောင်တွေ ပိုင်ဆိုင်မှု ထိန်းချုပ်

  • 15 ဇူလိုင် 2013
Image caption မွတ်ဆလင် ဘရားဟုဒ် ခေါင်းဆောင် မစ္စတာ Badie အပါအဝင် အစ္စလာမ္မစ် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတကို စစ်တပ်က ဖယ်ရှားခဲ့ပြီးတဲ့ နောက် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ် William Burns ဟာ အီဂျစ် စစ်တပ် သြဇာခံ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ကိုင်ရိုကို ရောက်လာပါတယ်။

သူဟာ သမ္မတ မော်စီကို ဖြုတ်ချပြီး နောက်ပိုင်း ပထမဆုံး ရောက်ရှိ လာတဲ့ အမေရိကန် အရာရှိကြီး လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်း ဆူပူ အုံကြွမှုတွေ အဆုံးသတ်ဖို့နဲ့ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက် ထားတဲ့ အစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဖို့ မစ္စတာ ဘန်းက တွန်းအားပေး သွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မှာတော့ အီဂျစ်အစိုးရ အမှုလိုက် အရာရှိတွေက အစ္စလာမ္မစ် ခေါင်းဆောင် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှု အဝဝကို ထိန်းချုပ် ထားလိုက်ပြီလို့ တရားရေး ဆိုင်ရာ သတင်း ရပ်ကွက်တွေ အပြော အရ သိရပါတယ်။

အဲဒီ ခေါင်းဆောင်တွေ ထဲမှာ မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘက်ဒီနဲ့ သူရဲ့ လက်ထောက် ခိုင်ယက် အဲ ရှာတာ တို့လည်း ပါတယ်လို့ ဆိုပါတယ်။

ဆန္ဒပြ ပွဲတွေ အတွင်း ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်သလား စုံစမ်း စစ်ဆေးဖို့ ထိန်းချုပ်တာလို့ သူတို့က အကြောင်းပြ ပါတယ်။

မစ္စတာ Badie နဲ့ တခြား မွတ်ဆလင် ဘုရားသားဟုဒ်ခေါင်းဆောင်တွေကို အစ ကတည်းက ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဖယ်ရှား ခံခဲ့ရတဲ့ သမ္မတ မော်စီ ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

မနေ့ကတော့ စစ်တပ်အကြီးအကဲ အဗ္ဗဒဲ ဖာတာ အဲ ဆီဆီက သူတို့ သမ္မတကို ဖယ်ရှား ခဲ့ရတာနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ခုခံ ပြောကြား ခဲ့ပါတယ်။

ဘာသာရေးကြောင့် သူ့ကို ဖယ်ရှားခဲ့တယ် ဆိုတာမျိုး လူတွေက သူ့ကို ဆန့်ကျင် တာဟာ ဘာသာရေးကြောင့် ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ ဒီလို ပြောတာတွေဟာ အမှန်တကယ် ဖြစ်ပျက် နေတာတွေကို ဖုံးကွယ် ထားလို့ပါပဲ ဆိုပြီး ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ပါတယ်။

အစ္စလာမ္မစ် သမ္မတ မော်စီကို ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ဖို့ သမ္မတမော်စီ ကို မဖယ်ရှားခင် စောစောပိုင်း ရက်တွေက သူတိုက်တွန်း ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက မနေ့က မိန့်ခွန်းထဲမှာ ပြောကြား ခဲ့ပါတယ်။

မစ္စတာမော်စီက ဒါကို လုံးဝ ပယ်ချခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အင်အားစု အားလုံး အနေနဲ့ နိုင်ငံရေးမှာ လူတိုင်း ပါဝင်နိုင်ခွင့် ရှိတယ်၊ ဘယ်လို သဘောတရားမျိုး ရှိရှိ ပါဝင်ခွင့် ရှိတယ်၊ ဘယ်အဖွဲ့အစည်း ကိုမှ နိုင်ငံရေးမှာ မပါဝင် ရဘူး လို့ တားမြစ်တာ မရှိဘူးလို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ ပါတယ်။

ကြားဖြတ်အစိုးရဟာ စစ်တပ် ထောက်ခံတဲ့ လမ်းပြ မြေပုံအတိုင်း အရပ်သား အစိုးရ ပြန်ပေါ်ထွန်းအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

သမ္မတမော်စီကို ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လူသေကြေ ခဲ့ရတဲ့ ခိုက်ရန် ဖြစ်ပွားမှု တွေကို စုံစမ်း စစ်ဆေး နေချိန်မှာ အခုလို အစ္စလမ်မစ် ခေါင်းဆောင် တွေရဲ့ ပိုင်ဆိုင်မှု ကို ထိန်းသိမ်း ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က သမ္မတ မော်စီကို ထောက်ခံသူ တွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက် တွေ့မှုတွေ အတွင်း လူ ဒါဇင်နဲ့ချီ သေဆုံး ခဲ့ရပါတယ်။

ကြားဖြတ် ဝန်ကြီးချုပ်သစ် ဘက်ဘလာဝီ က လစ်ဘရယ် နိုင်ငံရေး ခေါင်းဆောင် Mr ElBaradei ကို တနင်္ဂနွေနေ့ မှာပဲ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ အတွက် ကြားဖြတ် ဒု သမ္မတ ခန့်လိုက် ပါတယ်။

နောက်တခါ အလယ်အလတ် သဘောထား ရှိသူ စီးပွားရေးပညာရှင် Ahmed Galal ကို ဘဏ္ဍာရေးဝန်ကြီး၊ အရင် အမေရိကန်ဆိုင်ရာ သံအမတ်ကြီး Nabil Fahmy ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။

မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ဝင်တွေ အပါအဝင် သမ္မတ မော်စီကို ထောက်ခံသူ တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် သမ္မတ မော်စီ ဖယ်ရှား ခံခဲ့ရပြီး ကတည်းက ကိုင်ရို မြို့မှာ ထိုင်ဆန္ဒပြ နေခဲ့ကြတာ အခုအချိန်ထိ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ