ဆီးရီးယား စစ်ကြောင့် လစဉ် လူငါးထောင် ထိခိုက်ဒဏ်ရာရ

  • 17 ဇူလိုင် 2013
Image caption ဒုက္ခသည်တွေနဲ့ စကားပြောနေတဲ့ Antonio Guterres

ဆီးရီးယား နိုင်ငံမှာ ပြည်တွင်း စစ်ကြောင့် လစဉ် လူပေါင်း ငါးထောင်လောက် ထိခိုက်ဒဏ်ရာ ရနေကြပြီး နိုင်ငံထဲက ထွက်ပြေး တိမ်းရှောင်ရတဲ့ ဒုက္ခသည် တနေ့ကို ခြောက်ထောင်လောက် ရှိတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

၁၉၉၄ ခုနှစ် ရိုဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှု နောက်ပိုင်း အခုလို လူမှုဒုက္ခဆိုးမျိုးကို မကြုံတွေ့ရသေးဖူးလို့ ဆိုပါတယ်။

နောက်ဆက်တွဲ လူမှု ဒုက္ခတွေ သည်းမခံနိုင်လောက်အောင် ကြုံတွေ့ရမယ်လို့ စိုးရိမ်မှုတွေ ဖြစ်လာချိန်ထက်ကို တော်တော်ကြာတဲ့ အထိ ဒီပြဿနာကြီးကို ခါးဆီး ရင်ဆိုင်ရလိမ့်မယ်လို့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူမှုကယ်ဆယ်ရေးဆိုင်ရာ ကော်မရှင်နာ အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။

ဆီးရီးယား ပဋိပက္ခ အရေးက ဒေသတခုလုံးကို ပြန့်နှံ့ သွားလိမ့်မယ် ဆိုတာ ထင်ချက်ပေး ပြောနေတာ မဟုတ်ပါဘူး၊ လေးလေးနက်နက် သတိပေးနေတာပါလို့ လူမှု ကယ်ဆယ်ရေး ဆိုင်ရာ မင်းကြီး ဂူးတားရက်စ်က ဆိုပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး အိုင်ဗင် ဆီမိုဗစ် ကလည်း လူသေဆုံးမှုနှုန်း အလွန်အမင်း တိုးလာတာဟာ ဒီပဋိပက္ခရဲ့ အခြေအနေ ရုတ်ခြည်း ဆိုးရွားလာတာကို ပြနေတယ်လို့ ဆိုပါတယ်။