အစိုးရကို ဝေဖန်တဲ့ ရုရှ အတိုက်အခံ ထောင်ချခံရ

  • 18 ဇူလိုင် 2013
Image caption စီရင်ချက်ချအပြီး ဇနီးသည်နဲ့တွေ့ရတဲ့ နာဗာလ်နီ

ရုရှား နိုင်ငံမှာ အစိုးရကို ဝေဖန် ပြောကြား တဲ့ သူဖြစ်တဲ့ Alexei Navalny အလက်ဆီ နာဗာလ်နီကို သစ်လုပ်ငန်း တခုဆီက ငွေအလွဲသုံးစား လုပ်မှုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ ဒါပေမယ့် စွဲချက်တွေကို နာဗာလ်နီ က ငြင်းဆိုခဲ့ပြီး နောက်မှာ နိုင်ငံရေး စနက်တွေ ပါနေတယ်လို့ ဆိုပါတယ်။

အလက်ဆီ နာဗာလ်နီဟာ အသက် ၃၇ နှစ် ရှိပြီ ဖြစ်ပြီး သမ္မတ ပူတင်ရဲ့ ယူနိုက်တက် ရုရှား ပါတီကို အကျင့်ပျက်မှုတွေနဲ့ ပတ်သက်လို့ အင်တာနက် ဘလောက်ပေါ်မှာပုံမှန် ဝေဖန် နေတဲ့ သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာက သမ္မတ ပူတင်နဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေက ဖြစ်အောင် သူကြံဆောင် နိုင်ခဲ့တဲ့ နောက်မှာ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကစလို့ သူဟာ ရုရှား အစိုးရရဲ့ အတိုက်အခံတွေ ထဲမှာထင်ရှားသူတဦး ဖြစ်လာပြီး တိုင်းပြည် အတွင်းမှာဖြစ်ပေါ်နေတဲ့ အဂတိ လိုက်စား မှုတွေနဲ့ ပတ်သက်လို့ ဆန့်ကျင် တိုက်ပွဲ ဝင်နေခဲ့တာ ဖြစ်ပါတယ်။

သူက လက်ရှိအာဏာရ ပါတီကို ကလိမ်ကကျစ် တွေနဲ့ သူခိုးတွေရဲ့ ပါတီလို့တောင်မှ ကင်ပွန်းတပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူခေါင်းဆောင်တဲ့ အဖွဲ့က ကီရော့ဗ် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အကြံပေးအဖြစ် လုပ်ခဲ့တုန်းက တန်ဘိုးအားဖြင့် ရူဘဲလ် ၁၆ သန်း လောက်တန်တဲ့ ကီရိုဗဲ့လ်စ် သစ် ကုမ္ပဏီရဲ့ သစ်တွေကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ် စီရင်ချက် ချလိုက်တာဖြစ်ပါတယ်။

နာဗာလ်နီက တချိန်ကျရင် သမ္မတ အဖြစ်တောင် ဝင် အရွေးခံချင်တယ်လို့ ပြောနေခဲ့တာဖြစ်ပြီး လတ်တလောမှာ မော်စကို မြို့တော်ဝန် အဖြစ် ဝင်အရွေးခံဖို့တောင် မှတ်ပုံတင်ပြီးပါပြီ။

အခုတော့ သူလာမယ့် စက်တင်ဘာ မှာလုပ်မယ့် ဒီမော်စကို မြို့တော်ဝန် ရွေးပွဲကို ဝင်ဖို့တောင် ပိတ်ပင်ခံရဖို့ များနေပါပြီ။

အခုလို သူ့ကို စီရင်ချက် ချလိုက်တာကြောင့် သူ့ကို ထောက်ခံသူတွေထဲမှာ ငိုတဲ့ သူတောင် ရှိသလို လူမှု ဆက်သွယ်ရေးကွန်ယက် တွေပေါ်မှာလည်း မကျေနပ်သံတွေ ထွက်လာ နေပါတယ်။

ပူတင် ဆန့်ကျင်သူလည်းဖြစ် အရင်က ကက်ဘိနက် ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဘောရစ္စ နမ်စတော့ဗ်က အမှုက အစကနေ အဆုံးအထိကို လုပ်ကြံထားတာလို့ ပြောလိုက်ပါတယ်။

မစ္စတာ နာဗာလ်နီလိုပဲ သမ္မတ ပူတင်ကို ဆန့်ကျင်လို့ ဥပဒေနဲ့ အရေးယူခံရတဲ့ သူတွေ၊ ထွက်ပြေးရသူတွေ၊ သံသယ ဖြစ်ဖွယ် သေဆုံး ခဲ့ရသူတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။

မစ္စတာပူတင် ၂၀၀၀ ပြည့်နှစ်မှာ သမ္မတ ဖြစ်လာပြီး နောက်မှာ သူ့ကို လှောင်ခဲ့တဲ့ အန်တီဗီ ရုပ်သံ ရဲ့ ပိုင်ရှင် မီဒီယာ သူဌေးကြီး ဗလာဒီမီယာ ဂူစင်စကီ ကို လိမ်လည်မှုနဲ့အရေးယူခဲ့လို့ တိုင်းပြည်ကနေ ထွက် သွားခဲ့ရပါတယ်။

သူ့နောက်မှာ မစ္စတာ ပူတင် သမ္မတ ဖြစ်ဖို့ ကူညီခဲ့တဲ့ မီဒီယာ သူဌေး နောက်တဦးဖြစ်တဲ့ ဘောရစ် ဘဲဇိုဇော့ဗ်စကီး လည်း ယူကေကို ပြေးပြီး ခိုလှုံခဲ့ရပါတယ်။

အဲဒီလို အရေးယူခံရသူ တွေထဲမှာ အထင်ရှားဆုံး ဖြစ်ခဲ့သူကတော့ မစ္စတာ ပူတင်နဲ့ သူနဲ့ ပတ်သက်သူတွေကို အကြီးအကျယ် အဂတိ လိုက်စားတယ်လို့ စွပ်စွဲခဲ့တဲ့ ယူကော့စ် ရေနံ ကုမ္ပဏီ ရဲ့ အကြီးအကဲ မီခိုင်းလ် ခိုဒို ဇော့ဗ်စကီး ဖြစ်ပြီး သူ့ကို လည်း အခွန်ရှောင်မှုတွေ လိမ်လည်မှုတွေနဲ့ ထောင်ဒဏ် အပြစ်ပေးတာခံ ခဲ့ရပါတယ်။

နောက်ပိုင်းမှာလည်း မစ္စတာပူတင်ကို ဆန့်ကျင်တဲ့အမျိုးသမီး တီးဝိုင်း အဖွဲ့ ပူစီ ရွိုင်းယော့တ်စ် က အဖွဲ့ဝင် ၂ ဦးလည်း ထောင်ဒဏ် ၂ နှစ် အပြစ်ပေး ခံခဲ့ရတာတွေ ရှိပါတယ်။

အဲဒါကြောင့်လည်း မစ္စတာ နာဗာလ်နီက နောက်ကွယ်မှာ နိုင်ငံရေး စနက်တွေ ရှိတယ်လို့ ပြောခဲ့တာပါ။

အခုကိစ္စနဲ့ ပတ်သက်လို့ အီးယူကလည်း ရုရှား ဥပဒေတွေဟာ မေးခွန်း ထုတ်စရာတွေ ဖြစ်နေတယ် တခါ အမေရိကန်ဘက်ကလည်း စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောကြပါတယ်။

မစ္စတာ နာဗာလ်နီကတော့ သူ့ကို လက်ထိတ်နဲ့ ခေါ်မသွားခင် အထိ သူ့ကို ထောက်ခံသူတွေကို ဒီအတိုင်း ထိုင်မနေကြဘဲ အကျင့်ပျက်မှုတွေကို ဆက်လက် ဆန့်ကျင် သွားကြဖို့ကို တိုက်တွန်း သွားခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ