အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်။

  • 20 ဇူလိုင် 2013
Image caption ပါလက်စတိုင်း သမ္မတနဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံ

နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးဖို့ အခြေခံ အားဖြင့် သဘောတူချက် ရခဲ့ပြီ ဖြစ်ပြီး ပဏာမ ဆွေးနွေးပွဲတွေကို လာမယ့် သီတင်းပတ်အတွင်း စတင်ဖို့ ရှိတယ်လို့ မစ္စတာ John Kerry က ဂျော်ဒန်နိုင်ငံမှာ ကသုတ်ကရက် လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီသဘောတူချက်ဟာ ထူးခြား အရေးပါပြီး ရှေ့တိုး ဆောင်ရွက်မှု ဖြစ်တယ်လို့ မစ္စတာ John Kerry က ကြိုဆိုလိုက်ပေမယ့် ဆွေးနွေးမှုတွေ ပြန်စဖို့ သဘောတူချက်ကို တရားဝင် ဖြစ်အောင် လုပ်နေဆဲပဲ ဖြစ်ကြောင်း သတိပေး ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်း ဒေသဆီ အကြိမ်ကြိမ် သွားခဲ့တဲ့ မစ္စတာ John Kerry ဟာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ်နဲ့ နောက်ထပ် ဆွေးနွေး ပြောဆိုဖို့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသကို ရုတ်တရက်ကြီး သွားရောက်ခဲ့အပြီး အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။