ဟက်ဇ်ဘိုလာကို အကြမ်းဖက် အဖွဲ့အဖြစ် အီးယူသတ်မှတ်

  • 22 ဇူလိုင် 2013
Image caption ဟက်ဇ်ဘိုလာ အဖွဲ့ရဲ့ စစ်ရေး လက်နက်ကိုင် အဖွဲ့

လက်ဘနွန် နိုင်ငံမှာ ရှိတဲ့ ဟက်ဇ်ဘိုလာ အဖွဲ့ရဲ့ စစ်ရေး လက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အဖွဲ့တဖွဲ့အဖြစ် သတ်မှတ်ဖို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

ဟက်ဇ်ဘိုလာ အဖွဲ့ကို အကြမ်းဖက် အဖွဲ့တခု အဖြစ် သတ်မှတ်နိုင်ဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈နိုင်ငံစလုံးက သဘောတူဖို့ လိုပါတယ်။

EU အဖွဲ့ဝင် နိုင်ငံတချို့ကတော့ အခုဒီ လုပ်ရပ်ကြောင့် လက်ဘနွန်မှာ အခြေအနေတွေ နောက်ထပ် မတည်မငြိမ် ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လက်ဘနွန်အစိုးရက ဟက်ဇ်ဘိုလာ အဖွဲ့ဟာ လက်ဘနွန် အသိုင်းအဝိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့တခု ဖြစ်တယ် ဒါ့ကြောင့် ဟက်ဇ်ဘိုလာ အဖွဲ့ကို ဆန့်ကျင်တဲ့ လုပ်ရပ် ဆုံးဖြတ်ချက်မျိုး မချဖို့ EU အဖွဲ့ကို တိုက်တွန်း ပြောဆိုခဲ့ပါသေးတယ်။

ဟက်ဇ်ဘိုလာ အဖွဲ့ဟာ လက်ဘနွန်မှာ အင်အားအကြီးမား အတောင့်တင်းဆုံး စစ်တပ်ကြီး ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေး လောကမှာ သြဇာ ကြီးမားပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ဟက်ဇ်ဘိုလာ အဖွဲ့ဟာ ဆီးရီးယား ပဋိပက္ခအတွင်း ဆီးရီးယား အစိုးရတပ်တွေနဲ့ ပြောင်ပြောင်တင်းတင်းပါဝင် ပတ်သက်ခဲ့တာကြောင့် EU အဖွဲ့က သူတို့အပေါ် သဘောထား ပိုတင်းမာသွားပုံ ရပါတယ်။

ဒါပေမယ့် တကယ်တမ်း ဆီးရီးယား အစိုးရတပ်တွေကို ဟက်ဇ်ဘိုလာ အဖွဲ့ ထောက်ခံ ကူညီခဲ့တာဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ Nusra Front လို ဆွန်နီ ဆလာဖီ အစွန်းရောက် သူပုန်တွေကို တိုက်ဖျက်ပစ်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ဟက်ဇ်ဘိုလာ အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် EU က သတ်မှတ်လိုက်တဲ့ အတွက် ဥရောပ ဒေသတွင်းကနေပြီး ဟက်ဇ်ဘိုလာ အဖွဲ့ကို ငွေကြေးအရ ကူညီထောက်ပံ့ တာမျိုး ဒါမှမဟုတ် ဟက်ဇ်ဘိုလာ အဖွဲ့ဝင်တွေနဲ့ ဥရောပ သံတမန်တွေ တွေ့ဆုံတာမျိုးတွေဟာ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်တွေ ဖြစ်လာပါလိမ့်မယ်။ သံတမန်တွေအတွက်ကတော့ ဟက်ဇဘိုလာ အဖွဲ့ကို နိုင်ငံရေး အဖွဲ့နဲ့ စစ်ရေး အဖွဲ့ ကွဲကွဲပြားပြား ခွဲခြားဖို့ ဆိုတာ အတော်လေး ခက်ပါလိမ့်မယ်။

ဟက်ဇ်ဘိုလာ အဖွဲ့ကတော့ EU ရဲ့ လုပ်ရပ်ဟာ ဒေသတွင်းမှာ သူတို့အပေါ် ဆန့်ကျင်ဖို့ အစ္စရေးလ်ရဲ့ အကူအညီနဲ့ ပူးပေါင်းကြံစည်မှုကြီး တခုရဲ့ တစိတ်တပိုင်းအဖြစ် သိပ်ဂရုစိုက်မယ့် ပုံမျိုး မရှိပါဘူး။

လက်တွေ့မှာ ကြည့်မယ် ဆိုရင် ဒီလုပ်ရပ်ကြောင့် ဟက်ဇ်ဘိုလာ အဖွဲ့အနေနဲ့ အကြီးအကျယ် အလဲထိုးခံရတာမျိုးထက် နိုင်ငံရေးအရ အနည်းအပါး အထိနာတာလောက်ပဲ ရှိပါလိမ့်မယ်။

ဟက်ဇ်ဘိုလာ အဖွဲ့ဟာ EU နိုင်ငံတွေမှာ သိသာလောက်အောင် ကြီးမားတောင့်တင်းတဲ့ ပိုင်ဆိုင်မှု ငွေကြေး ဥစ္စာတွေ ရှိတာမျိုး မတွေ့ရသလို ဥရောပ ဒေသက ထောက်ခံအားပေးသူတွေဆီက အလှူငွေတွေကိုလည်း အားကိုးတာမျိုး သိပ်မရှိတာကြောင့် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ