နိုင်ငံအတွက်အရေးကြီးချိန်လို့ ဗြိတိန်ဝန်ကြီးချုပ်ပြော

  • 23 ဇူလိုင် 2013
သားတော်လေး မွေးဖွားကြောင်း ကြေညာစဉ်
Image caption သားတော်လေး မွေးဖွားကြောင်း ကြေညာစဉ်

ဇူလိုင်လ ၂၂ရက်နေ့ဟာ ဗြိတိသျှ ရာဇဝင်မှာ စာတင်ရမယ့် နေ့ဖြစ်ပါတယ်။ တကမ္ဘာလုံးက မျှော်လင့်နေတဲ့ မင်္ဂလာ သတင်းဖြစ်တဲ့ ကင်းဘရစ် မြို့စားကတော်က သားတော်လေးကို အောင်အောင်မြင်မြင် မွေးဖွားလိုက်ပြီဆိုတာ ရှေးထုံးစဉ်လာ မပျက် မောင်းကြေးနင်း ခတ်သလို ရွာဆော်ကြီးကနေ စိန့်မေရီ ဆေးရုံရှေ့ လူအုပ်ကြီး စုရုံးရာမှာ ကြေညာ လိုက်ပါတယ်။

ဒီဆေးရုံ လင်ဒိုအဆောင်ဟာ ဝီလျံနဲ့ ဟယ်ရီတို့မွေးဖွားတဲ့ ဆေးရုံလည်းဖြစ်ပါတယ်။ ညနေ၄နာရီကျော်က မွေးပေမယ့် ဆရာဝန်ကြီးတွေရဲ့ လက်မှတ်နဲ့ တရားဝင်ကြေညာချက် ကတော့ ည၉နာရီလောက်မှာ ဘက်ကင်ဟန်န န်းတော်ရှေ့မှာ ဘောင်သွင်းပြီး ကပ်ထားပါတယ်။ လူမှု ဝက်ဆိုဒ်တွေပေါ်မှာ ပလူပျံနေပေမယ့် ရှေးထုံးကို မပယ်တဲ့အနေနဲ့ နန်းတော်ရှေ့မှာ အခုလိုတရားဝင်ကြေညာတာ ဖြစ်ပါတယ်။

ဒီသတင်းကို နိုင်ငံတကာခေါင်းဆောင်တွေက ကြိုဆိုဂုဏ်ပြုကြသလို ကိတ်မင်းသမီးဆေးရုံပေါ်ရောက်ကတဲက ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ နဂိုက ဇူလိုင်လလယ်မှာမွေးမယ်လို့ပြောထားလို့ ကမ္ဘာ့မီဒီယာတွေဟာ ဆေးရုံရှေ့မှာ လဆန်းကတဲက ခြေချင်းလိမ်နေခဲ့ပါတယ်။ အခုတော့ အများမျှော်လင့်တဲ့သတင်းထွက်လာပြီဆိုတော့ ဒီကိန်းဘရစ်မင်းသားလေးဟာ ဘယ်လောက်ထူးခြားပါသလဲ။လက်ရှိ အိမ်ရှေ့မင်းသားနဲ့ ကင်းဘရစ်မြို့စားပြီးရင် သူက ထီနန်းဆက်ခံမယ့် တတိယမြောက် နန်းညွန့််နန်းလျာ ဖြစ်ပါတယ်။

ရှေ့လာမယ့် အနာဂါတ်မှာ ဘုရင်စနစ်တွေ ဘယ်လိုပြောင်းလဲမယ်လို့ မသိရပေမယ့် ဖြစ်ရိုး ဖြစ်စဉ်ဆိုရင် နိုင်ငံပေါင်း ၁၆နိုင်ငံရဲ့ အကြီးအကဲအပြင် ဓနသဟာယ နိုင်ငံ ၅၀ကျော်ရဲ့ ခေါင်းဆောင် ပြီးတော့ ချပ်အော့အင်ဂလန်ရဲ့ အကြီး အချုပ်လည်း ဖြစ်လာနိုင်ပါတယ်။ ဗြိတိသျှ အင်ပါယာမှာ တန်ခိုးကြီးခဲ့တဲ့ ဝိတိုရိယ ဘုရင်မကြီးကနေ တိုက်ရိုက် ဆင်းသက်တဲ့ ၅ဆက်မြောက် မြေးတော်လည်း ဖြစ်ပါတယ်။

အခုကိန်းဘရစ်မြို့စား မိသားစုဟာ ပြန်လည်မွန်းမံထားတဲ့ ကင်စင်တန် နန်းတော်မှာဘဲ သားတော်အတွက် အချိန်ပေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ကင်းဘရစ် ဇနီးမောင်နှံတို့ဟာ ခေတ်မီတဲ့လူငယ်တွေဖြစ်လို့ တတ်နိုင်သလောက် သားတော်ကလေးကို သာမန်လူလိုပဲ ပြုစုပျိုးထောင် သွားမယ်လို့ နန်းတော် အသိုင်းအဝိုင်းက ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ