စပိန်ရထားမှောက်မှု သေဆုံးသူ ၇၈ ဦးရှိ

  • 25 ဇူလိုင် 2013

စပိန် နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က ခရီးသည်တင် ရထား တိမ်းမှောက်ခဲ့တာကြောင့် လူပေါင်း ၇၈ ဦး သေဆုံး ခဲ့ရပါတယ်။

နောက်ထပ် လူပေါင်း ၁၄၀ လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြသလို အဲဒီထဲက လူပေါင်း ၂၀ ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ဒါဟာ စပိန် သမိုင်းမှာ အဆိုးဝါးဆုံး ရထား မှောက်မှုကြီးတွေထဲက တခုလို့တောင် ပြောလို့ ရပါတယ်။

ဒီလို ရထားမှောက်ရတာနဲ့ပတ်သက်လို့ လောလောဆယ် မီဒီယာ တွေမှာ ဖော်ပြ နေကြတာက အဲဒီ ရထားဟာ ကွေ့ရမယ့် နေရာမှာ ရှိသင့်တဲ့ သတ်မှတ်ပေး ထားတဲ့ အရှိန် ပမာဏထက် ၂ ဆလောက် ပိုမြန်နေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ခဲ့သလား ဆိုတာ သိနိုင်ဖို့ ရထားရဲ့ ဘလက်ဘောက်စ်ကို စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဥပဒေ အရာရှိက စစ်ဆေးနေပါပြီ။

အဲဒီ ရထားကို ပြေးဆွဲ နေတဲ့ ရန်ဖေး ကုမ္ပဏီရဲ့ အကြီးအကဲကတော့ ဒီရထားမှာ ဘာမှ ချို့ယွင်း ချက် မရှိဘူးလို့ ပြောပါတယ်။

သူက အဲဒီနေ့ မနက်ကပဲ အဲဒီ ရထားကို စစ်ဆေး ခဲ့ကြသေးတဲ့ အကြောင်း၊ ရထားကို ကီလို မီတာ ၇၅၀၀ မောင်းပြီးတိုင်း စစ်ဆေး နေကျ ဖြစ်ပြီး အဲဒီ ရထားရဲ့ အခြေအနေဟာ အကောင်းဆုံး အနေအထား မှာ ရှိနေ ခဲ့တယ်လို့ ပြောပါတယ်။

တကယ်တော့ စပိန် နိုင်ငံမှာ ရထားနဲ့ ခရီးသွား လာ ကြသူတွေအတွက် ခရီး လမ်းပန်း ဆက်သွယ်ရေးဟာ အတော်လေး အန္တရာယ် နည်းတယ်လို့ မဒရစ်မြို့က ဘီဘီစီ သတင်းထောက် တွမ်ဘားဒရစ်ချ်က ပြောပါတယ်။

နောက်ပြီး ဒီ ရထားလမ်းပန်း ဆက်သွယ်ရေး နဲ့ ပတ်သက်လို့လည်း ငွေအရင်းအနှီး အများပြား ရင်းနှီးမြှုပ်နှံ ထားခဲ့ကြတာပါ။

အရင် ၁၉၄၄ တုန်းက ဖြစ်ခဲ့တဲ့ ရထားမှောက်မှုမှာ လူပေါင်း ရာနဲ့ ချီပြီး သေခဲ့ရတယ် ပြောပေမယ့် တရားဝင် မှတ်တမ်းအရက ၇၈ ယောက်ပါ။

တခါ ၁၉၇၂ မှာ ဖြစ်ခဲ့တုန်းကတော့လူ ၇၆ နဲ့ ၈၆ အကြား သေဆုံး ခဲ့ရဖူးပါတယ်။

အခုရထားမှောက်မှုဟာ ဗုဒ္ဓဟူး နေ့ ညနေပိုင်း ၈ နာရီ ၄၁ မိနစ် မှာ စန်တီယေးဂိုး ဒါ ကွမ်ပိုစတယ်လာ ဘူတာရုံကနေ ၃ -၄ ကီလိုမီတာ လောက် အကွာမှာ လမ်းချော် သွား ခဲ့တာ ဖြစ်တယ်လို့ ဒီရထားကို ပိုင်တဲ့ ကုမ္ပဏီ ရန်ဖေးက ပြောပါတယ်။

ရထားက မဒရစ် မြို့တော် ကနေ သင်္ဘော တည်ဆောက်တဲ့ လုပ်ငန်းတွေရှိရာ ဖယ်ရိုးလ် ကို ဆက်သွယ်ထားတဲ့ အမြန်လမ်း ပေါ်မှာ ဖြစ်ခဲ့တာပါ။

ခရီးသည် ၂၁၈ ယောက် ပါတယ်လို့လည်း သိရပါတယ်။

လမ်းချော်သွားခဲ့တဲ့ အကွေ့မှာတော့ ရထားရဲ့ အရှိန်ဟာ ကီလို မီတာ ၁၉၀လောက် ရှိနေခဲ့တာပါ။ သတ်မှတ် ထားတဲ့ အရှိန်က ကီလိုမီတာ ၈၀ ပဲရှိရမှာ ဖြစ်ပါတယ်။ ရထားလမ်းချော်သွားတဲ့ အချိန်တုန်းက အရှိန်တအားများနေခဲ့တယ်လို့လည်း မြင်လိုက်ရတဲ့ လူတွေက ပြောကြပါတယ်။

အခုတော့ ဒီအဖြစ်ဆိုးအတွက် ရထားပိုင်ရှင်နဲ့ ရထားလမ်း ပိုင်ရှင် ကုမ္ပဏီတွေပါ ဒီအတွက် စုံစမ်းဖို့ တာဝန်ပေးထားတဲ့ တရားသူကြီးနဲ့ အတူပူးပေါင်းလို့ စတင် စုံစမ်း စစ်ဆေး နေကြပြီ ဖြစ်ပါတယ်။

တခါဒီရထားလမ်းချော်ခဲ့တဲ့ အနားက ဆန်တီယေးဂိုး မြို့မှာ ပွဲတော်တွေကို ဖျက်သိမ်းလိုက်ကြသလို ကိုယ်တိုင် စန်တီယေးဂိုး မြို့သားဖြစ်တဲ့ စပိန် ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်းကလည်း ရထားမှောက်တဲ့နေရာကို သွားကြည့်ခဲ့ပြီး နိုင်ငံ အနှံ့ ဝမ်းနည်းကြေကွဲခြင်း ၃ ရက် ကြေညာထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ