အီဂျစ် သမ္မတဟောင်း မော်စီ ကို ပုဒ်မ တပ်ပြီ

  • 26 ဇူလိုင် 2013
egypt
Image caption အီဂျစ်မှာ သမ္မတ မော်စီ ကို ထောက်ခံသူ နဲ့ ကန့်ကွက်သူ တွေ ကြား အကြီးအကျယ် ကွဲနေ

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း မော်စီကို ဥပဒေကြောင်းအရ နိုင်ငံတော် သစ္စာဖောက်မှုလို့ ပုဒ်မတပ် ထိန်းသိမ်း လိုက်ပါပြီ။

ဒါဟာ သမ္မတဟောင်း မော်စီကို ဖြုတ်ချထိန်းသိမ်းပြီး ၁၅ ရက်အကြာ မှ တရားရေး ဆိုင်ရာ က ပထမဆုံး တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။

မူဘာရက် ပြုတ်ကျ ခါနီး အချိန်က ကိုင်ရို ထောင်ထ ပုန်ကန်မှု အတွင်း ထောင်မီးရှို့တာ၊ သူကိုယ်တိုင် အပါအဝင် အကျဉ်းသားတွေ လွတ်ပြေးတာ၊ နောက် အကျဉ်းထောင် အရာရှိတွေ၊ စစ်သား တွေ နဲ့ အကျဉ်းသားတွေ အချင်းချင်း သတ်ဖြတ်မှုတွေ ကျူးလွန်အောင် မစ္စတာ မော်စီက ဟားမတ်စ် ပါလက်စတိုင်း တွေနဲ့ ပူးပေါင်း ကြံစည် ခဲ့တယ် ဆိုပြီး အီဂျစ် အစိုးရ သတင်းဌာနတွေ က ဆိုပါတယ်။

ဒီထုတ်ပြန်ချက် ဆိုးရွားလှတယ်၊ ခေတ်ဟောင်း ပြန်သွားနေတာပဲ ဆိုပြီး မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ဝေဖန် ပြောဆို ခဲ့ပါတယ်။

ဒီအချိန်မှာပဲ အီဂျစ် အခြေအနေ ကလည်း ပေါက်ခါနီး မီးတောင်ကြီးလို ပွက်ပွက်ရိုက် နေတာပါ။

သောကြာနေ့ မှာ အပြိုင်အဆိုင် ဆန္ဒပြကြမယ့် ပွဲတွေမှာ ဆူပူ အုံကြွမှု မှန်သမျှ အင်အားသုံး ဖြေရှင်းမယ် လို့ စစ်တပ်က သတိပေး နေပါပြီ။

မော်စီ ဖြုတ်ချ ခံရပြီးနောက် ဆန္ဒပြပွဲတွေမှာ အသေအပျောက်တွေကြောင့် တိုင်းပြည်က အတော်နာ နေပြီ ဖြစ်သလို အစ္စရေး နယ်စပ်က ဆိုင်းနိုင်း ကျွန်းဆွယ်မှာ စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက် တွေလည်း ရှိနေပါတယ်။