အီဂျစ်မှာ ပြိုင်ဘက် အုပ်စုတွေ အပြိုင်အဆိုင် ဆန္ဒပြ

  • 27 ဇူလိုင် 2013
Image caption Alexandria မြို့မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း လူ၅ဦး သေဆုံးခဲ့

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဖြုတ်ချခံ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ထောင်သောင်း ချီပြီး လူထုစည်းဝေးပွဲတွေ အပြိုင်အဆိုင် ကျင်းပ နေကြပါတယ်။

တဟီရာ ရင်ပြင်နဲ့ အနီးတဝိုက်က နေရာတွေမှာ လူတွေနဲ့ ပြည့်နှက်နေပြီး စစ်တပ်ကို ထောက်ခံ အားပေးတဲ့ အနေနဲ့ မီးရှူး မီးပန်းတွေ ဖောက်ခဲ့ ကြပါတယ်။

တချိန်တည်းမှာပဲ သမ္မတ မော်စီကို ထောက်ခံသူတွေကလည်း သမ္မတကို စစ်တပ်က ဖြုတ်ချခဲ့တဲ့အပေါ် ရှုတ်ချတဲ့ အနေနဲ့ ကိုင်ရိုမြို့အရှေ့ပိုင်းက ဗလီကျောင်းတခုနားမှာ စုရုံး ရောက်ရှိနေပါတယ်။

အစောပိုင်းတုန်းက ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Alexandria မြို့မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း လူငါးဦး သေဆုံးခဲ့ပါတယ်။

ကိုင်ရိုမြို့တော်မှာလည်း ကြိုကြား ကြိုကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် လူထု စည်းဝေးပွဲတွေက လောလောဆယ်မှာ အေးအေးချမ်းချမ်း ရှိနေပါတယ်။

ဆန္ဒပြမှုတွေ စတင်ချိန်မှာပဲ မစ္စတာ မော်စီကို ထိန်းသိမ်းထားတာဟာ ပြည်ပအဖွဲ့အစည်း ဖြစ်တဲ့ ဟားမာ့စ် အဖွဲ့နဲ့ ပူးပေါင်းကြံစည်ခဲ့မှု အပါအဝင် စွဲချက်တွေကြောင့်လို့ အာဏာပိုင်တွေကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။