တူနီးရှား အတိုက်အခံလုပ်ကြံမှု လူထုဆန္ဒပြ

  • 26 ဇူလိုင် 2013
တူနီးရှားလူထုက မကြေမနပ်ဆန္ဒပြကြ
Image caption တူနီးရှားလူထုက မကြေမနပ်ဆန္ဒပြကြ

တူနီးရှားနိုင်ငံက ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် မိုဟာမက် ဘရာမီကို လုပ်ကြံ သတ်ဖြတ်မှုမှာ အာဏာ ရ ပါတီက ပတ်သက်နိုင်တယ် လို့ စွပ်စွဲပြီး အစိုးရ နှုတ်ထွက်ဖို့ လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ ဝန်ကြီးချုပ် Ali Larayedh က လုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချလိုက်ပေမယ့် အစိုးရနှုတ်ထွက်ပြီး အာဏာမဲ့သွားတဲ့ အခြေအနေမျိုးကိုလုပ်ပေးဖို့ငြင်းဆန်ပါတယ်။

အခု ဘရာမီကိုသတ်ပြီးအီဂျစ်မှာ မိုဟာမက်မိုစီပြုတ်ကျတဲ့ လူထုအုံကြွမှုမျိုးဖြစ်လာအောင် ဖန်တီးနေတာလို့ ဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ ဆန္ဒပြသူတွေကို တုန့်ပြန်လိုက်ပါတယ်။

ဘရာမီကို သူ့အိမ်မှာ ဇနီးနဲ့ သမီးတို့ရှေ့မှာတင် သေနတ်သမားက ၁၁ချက် ပစ်သတ်ခဲ့ပါတယ်။ ချက်ချင်း ဆိုသလို အစ္စလာမ် ဝါဒီတွေ သတ်တာလို့ စွပ်စွဲမှုတွေ ထွက်လာပါတယ်။ သူဟာ အစ္စလာမ် ဝါဒီတွေရဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုဝေဖန်လို့ အသတ်ခံရတာ ဖြစ်ဖို့ များပါတယ်။

လွန်ခဲ့တဲ့ ၆လ တုန်းကလည်း ဘာသာရေးနဲ့ မပတ်သက်တဲ့ ခေါင်းဆောင် Chokri Belaid အသတ်ခံရလို့ တိုင်းပြည်မှာ ဆန္ဒပြမှုတွေကြောင့် ၂၀၁၁ခု တော်လှန်ရေး ပြီးတဲ့နောက်ပိုင်း အဆိုးဆုံး အကြမ်းဖက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီ၂၀၁၁ တော်လှန်ရေးတုန်းက အာဏာရှင် သမ္မတ Ben Aliနဲ့ အဂတိ လိုက်စားတဲ့ သူ့မိသားစု အားလုံးပြုတ်ကျခဲ့ပါတယ်။ ဒါ့အပြင် အာရပ်ကမ္ဘာ တခုလုံးကို တော်လှန်ရေးတွေ ပြန့်နှံ့ခဲ့ပါတယ်။

အခုအခါ လူထုကြား တူနီးရှားမှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲပြားနေကြပါတယ်။ အထူးသဖြင့်ငယ်ရွယ်သူတွေက သူတို့မျှော်မှန်းတဲ့ ဘာသာရေးကင်းတဲ့ဒီမိုကရေစီကို အခု လက်ရှိအစိုးရမှာပါတဲ့ မွတ်စလင် ညီနောင်အဖွဲ့ အပါအဝင် အစ္စလာမ်ဝါဒီတွေက အနုကြမ်းစီးသွားတယ်လို့ ညည်းညူနေကြောင်း ဘီဘီစီ သံတမန်ရေး သတင်းထောက် James Robins ကသုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ