ကမ္ဘောဒီးယားရွေးကောက်ပွဲ ဒီကနေ့မဲပေးကြမယ်

  • 27 ဇူလိုင် 2013
Image caption အာဏာရပါတီ ထောက်ခံမှုပိုရတာ စီးပွားရေး တိုးတက်လို့

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP ဟာ အခုအခါ ဆမ်ရမ်ဆီ ဦးဆောင်တဲ့ အတိုက်အခံအဖွဲ့ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆမ်ရမ်ဆီဟာ ၂၀၁၀ ခုနှစ်က စွဲချက်အများအပြားနဲ့ သူ့ရဲ့ မျက်ကွယ်မှာ ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရပြီး အခုလမှာမှ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်ပကနေ ပြန်လာခဲ့တာပါ။

ဆမ်ရမ်ဆီဟာ ကိုယ်တိုင် ရွေးကောက်ပွဲမှာ ဝင်အရွေးခံခွင့် မရှိပေမယ့် သူပြန်လာတာဟာ အတိုက်အခံတွေကို ပို အားတက်စေမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ CPP ပါတီဟာ ကျေးလက်ဒေသမှာ ထောက်ခံမှု အတော်လေးရထားပါတယ်။ လောလောဆယ် ပါလီမန်မှာ အမတ်နေရာ ၁၂၃ နေရာ အနက် ၉၀ ကို CPP ရထားပါတယ်။

သူတို့ ထောက်ခံမှု အများစု ရနေတာဟာ တစိတ်တပိုင်းအားဖြင့် အရင် ခမာနီတွေလက်ထက်က ယိုယွင်းနေတဲ့ စီးပွားရေးကို ဟွန်ဆန် လက်ထက်မှာ တိုးတက်လာခဲ့တာကြောင့် ဖြစ်ပါတယ်။

မစ္စတာ ရမ်ဆီဦးဆောင်တဲ့ Cambodian National Rescue Party CNRP ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ အမတ်နေရာ အတော်များများ အနိုင်ရဖို့ ရည်မှန်းထားပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဂတိပေးထားပါတယ်။

ဆမ်ရမ်ဆီရဲ့ ပါတီဟာ Human Rights Partyလူ့အခွင့်အရေးပါတီနဲ့ ပေါင်းပြီး အတိုက်အခံ ဖွဲ့ထားတာ ဖြစ်ပါတယ်။

လူငယ်မဲဆန္ဒရှင်တွေက အတိုက်အခံတွေကို မဲပေးနိုင်တယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။

ဒါပေမယ့် နိုင်ငံက မီဒီယာအများစုကို အစိုးရက ထိန်းချုပ်ထားတာကြောင့် ဒီရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ