အီဂျစ် အကြမ်းဖက်မှု သေဆုံးသူ ၆၅ယောက် ရှိသွားပြီ

  • 28 ဇူလိုင် 2013
Image caption မစ္စတာမော်စီကို ထောက်ခံသူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေ

အီဂျစ် နိုင်ငံမှာ ဇူလိုင်လ အစောပိုင်းတုန်းက သမ္မတ မော်စီ ရာထူးက ဖယ်ရှား ခံရပြီးကတည်းက အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး တရက်အကြာ ကိုင်ရိုမြို့ အရှေ့ဖက်က ဗလီ တခုမှာ မစ္စတာ မော်စီကို ထောက်ခံသူတွေက ဆက်လက် ထိုင်သပိတ် ဆင်နွှဲနေပါတယ်။

Rabaa al-Adawiya ဗလီ ထဲကနေ အနားက လမ်းကျယ်ကြီး တခုထဲကို ဆန္ဒပြ လူအုပ်ကြီး စပြီး ပြောင်းရွေ့စဉ်မှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆၅ယောက် သေဆုံးခဲ့ပါတယ်။

လက်နက်မဲ့ ဆန္ဒပြ သမားတွေကို ရဲတွေက ပစ်ခတ်ခဲ့တယ်လို့ မစ္စတာ မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေကို အီဂျစ် ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အီဘရာဟင် က ငြင်းဆိုခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး ကလွဲလို့ ဘယ်လက်နက်ကိုမှ မသုံးခဲ့ပါဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဗလီ တဝိုက်မှာလည်း ထိုင်သပိတ် ဆင်နွှဲတာဟာ လူထုအတွက် အန္တရာယ် ဖြစ်စေတယ် ၊ သူ့အဆိုအရ ၊ မကြာခင်မှာ ဒါကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ မစ္စတာ အီဘရာဟင်က ဆိုပါတယ်။

အီဂျစ် နိုင်ငံက အခုနောက်ဆုံးဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

အခြေအနေက တိုင်းပြည်အတွက် အရေးပါတဲ့ အချိန်ဘဲ လို့ သူက ပြောပြီး ၊ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေး တွေကို လေးစား လိုက်နာဖို့ ပန်ကြားလိုက်ကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂယ်လ် ကလည်း အီဂျစ် စစ်တပ် အကြီးအကဲလည်းဖြစ် ၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အယ်လ် အစီစီ ထံကို ဖုန်းဆက်ပြီး လက်ရှိ အာဏာ အကူးအပြောင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်တာကို မြင်လိုမယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းက ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ တို့ကလည်း အီဂျစ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အင်အားသုံး ဖြေရှင်းတဲ့ အပေါ် ရှုတ်ချလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ