အစ္စရေး ပါလက်စတိုင်း ပြန်တွေ့ဆုံမယ်

  • 28 ဇူလိုင် 2013
Palestinian prisoner
Image caption ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ဖို့ တောင်းဆို

၃ နှစ်နီးပါး လုံးဝ ရပ်ဆိုင်း နေခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်ဖို့ နှစ်ဘက် ညှိနှိုင်းသူ များက လက်ခံလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ဘက်က ထုတ်ပြန် ပါတယ်။

ဝါရှင်တန်မှာ ဆွေးနွေးပွဲတွေ တနင်္လာနေ့ ညနေမှာ ပြန်စဖို့ ရှိတယ် လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီ အရှေ့ အလယ်ပိုင်း ကို ၅ လတွင်းမှာ ၆ ခေါက် သွားတဲ့ အထိ အထူး ဝါယမ စိုက်မှု ကြောင့် ဆွေးနွေးပွဲတွေ ပြန်ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

ဒီအချိန် မှာပဲ ပါလက်စတိုင်း အကျဉ်းသား တရာကျော်ကို ပြန်လွှတ် ပေးဖို့ အစ္စရေး အစိုးရ ထဲမှာ ၁၃ မဲ ၇ မဲနဲ့ မဲခွဲ ပြီး၊ တနင်္ဂနွေနေ့က သဘောတူခဲ့ ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲ ရလဒ် အပေါ် မူတည်ပြီး၊ အဆင့်လိုက် လွှတ်ပေးမှာ ဖြစ်ပါတယ်။

နယ်မြေ ကိစ္စ အပေးအယူ လုပ်ဖို့ အပါအဝင် ပါလက်စတိုင်း နဲ့ ငြိမ်းချမ်းရေး သဘော တူညီမှု မှန်သမျှ ဆန္ဒခံယူပွဲ လုပ်ရမယ် ဆိုတဲ့ ဥပဒေကြမ်း တရပ် ကိုလည်း အစ္စရေး အစိုးရက အတည်ပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ