အခိုးခံခဲ့ရတဲ့ ရတနာ ဒေါ်လာ သန်း ၁၃ဝ ကျော် တယ်လို့ဆို

  • 30 ဇူလိုင် 2013
Image caption ကန်းမြို့က စိန် အခိုးခံရတဲ့ ဟော်တယ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Cannes မြို့ Carlton ဟော်တယ် ကနေ အခိုးခံခဲ့ရတဲ့ ကျောက်မျက် ရတနာတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၁၃ဝ ကျော်တယ်လို့ ပြင်သစ် တောင်ပိုင်းက တရားစီရင်ရေး ဆိုင်ရာ အာဏာပိုင်တွေက ယူဆ နေကြပါတယ်။

ဒီခိုးမှုဟာ တန်ဖိုးပမာဏ အကြီးမားဆုံး အဖြစ် စံချိန် တင်သွားခဲ့ပါတယ်။

မျက်နှာဖုံးစွပ် ထားတဲ့ တကိုယ်တော် သေနတ်သမားဟာ ဟော်တယ်ထဲကနေ ခြေကျင် ထွက်ခွာသွားခဲ့တာ ဖြစ်ပြီး ခိုးရာပါ ပစ္စည်း တချို့ကို လမ်းတလျှောက် ချသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပထမတုန်းကတော့ အခိုးခံခဲ့ရတဲ့ ပစ္စည်း တန်ဖိုးကို ဒေါ်လာ သန်းငါးဆယ်လို့ မှန်းခဲ့ကြတာဖြစ်ပါတယ်။

ခိုးရာပါ ပစ္စည်းတွေကို အသေးစိတ် ကောက်ယူ တွက်ချက် ခဲ့ပြီးတဲ့နောက် အခု ခန့်မှန်းချက်သစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ် တုန်းက ဘယ်လဂျီယံ နိုင်ငံ Antwerp Diamond Centre စိန် ကူးသန်း ရောင်းဝယ်ရေး စင်တာ လုယက်မှုမှာ ဆုံးရှုံးခဲ့ရတဲ့ ပမာဏနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အခိုးခံခဲ့ရတဲ့ ကျောက်မျက်ရတနာတွေရဲ့ တန်ဖိုးဟာ အတူတူဘဲလို့ ဆိုကြပါတယ်။