ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်နင်း

  • 30 ဇူလိုင် 2013
Image caption အက်ဖ်ဘီအိုင် စစ်ဆင်ရေး အကြောင်း ရှင်းပြနေတဲ့ ရွန် ဟော့စ်ကို

အမေရိကန် ပြည်ထောင်စုမှာ ကလေးတွေ ပြည့်တန်ဆာ အဖြစ် အတင်း အဓမ္မ ရောင်းစားခံနေရတာတွေကို နှိမ်နင်းတဲ့ သူတို့အဆိုအရ အကြီးဆုံး စစ်ဆင်ရေး တခု ဆင်နွှဲခဲ့တယ်လို့ ဆိုပြီး ကလေး တရာကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင် FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောပါတယ်။

အများအားဖြင့် မိုတယ် တည်းခိုခန်းတွေ ၊ လောင်းကစားဝိုင်းတွေနဲ့ ကုန်တင်ကား ရပ်နားရေးစခန်း တွေက ပြည့်တန်ဆာခေါင်း အယောက် ၁၅ဝ ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။

သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ၊ လူကုန်ကူးမှုတွေနဲ့ ဗဟို အစိုးရ ၊ ပြည်နယ် အစိုးရ ဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အက်ဖ်ဘီအိုင် အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးရဲ့ အပြောအရ ကလေးတွေကို ပြည့်တန်ဆာ အဖြစ်အသုံးချမှုဟာ အမေရိကန် တလွှားက ကလေးတွေကို ဆက်လက် ခြိမ်းခြောက် အန္တရာယ် ပေးနေတယ်လို့ ဆိုပါတယ်။