အစိုးရဖျက်သိမ်းပေးဖို့ တောင်းဆိုချက် တူနီးရှား ဝန်ကြီးချုပ်က ခုခံ

  • 30 ဇူလိုင် 2013
Image caption တူနီးရှား ဝန်ကြီးချုပ် Ali Larayedh

တူနီးရှား နိုင်ငံမှာ အစ္စလာမ် ဝါဒီတွေ ဦးဆောင်တဲ့ သူ့ရဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ် Ali Larayedh က ပြင်းပြင်းထန်ထန် ခုခံ ပြောကြားလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့လည်း သူကဆိုပါတယ်။

သံသယ ဖြစ်ဖွယ် အစ္စလာမ် ဝါဒီ စစ်သွေးကြွ တွေရဲ့ လက်ချက်ကြောင့် ထိပ်တန်း နိုင်ငံရေးသမား နှစ်ယောက် လုပ်ကြံခံရတဲ့ အပေါ် လူတွေ ဒေါသထွက်နေချိန်မှာ အစိုးရက အာဏာကို ဆုပ်ကိုင်ထားဖို့ မကြိုးစားပါဘူးလို့ Mr Laradeyh က နိုင်ငံပိုင် ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထပ်လောင်း ပြောသွားခဲ့ပါတယ်။

အမျိုးသား လွှတ်တော်မှာ အမတ် ၆ဝကျော်က လွှတ်တော် အစည်းအဝေးတွေကို သပိတ်မှောက်ခဲ့ကြပြီး ဘာသာရေးကို အခြေခံမှု မရှိတဲ့ ညွှန့်ပေါင်း ပါတီ ကလည်း ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲက နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အရင်အစိုးရ နုတ်ထွက်သွားရစေတဲ့ လူထုအုံကြွမှုတွေ စတင်ရာ နိုင်ငံတောင်ပိုင်းက Sidi Bouzid မြို့မှာ ရုန်းရင်းဆန်ခတ်မှုတွေ ထပ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အယ်ဂျီးယား နယ်စပ်နားက တောင်တန်းထူထပ်ရာ နေရာတခုမှာ အနည်းဆုံး တူနီးရှား စစ်သား ရှစ်ယောက် ချုံခို တိုက်ခိုက် ခံခဲ့ရပါတယ်။

အစိုးရ ရုပ်မြင်သံကြား ကတော့ ဒါဟာ အကြမ်းဖက် သမားတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။

သေနတ်သမားတွေနဲ့ ပတ်သက်လို့ အတည်ပြု ပြောကြားချက်တွေ မထုတ်ပြန် ခဲ့ပေမယ့် အခင်းဖြစ်ခဲ့တဲ့ နေရာက အစ္စလာမ် ဝါဒီတွေ ခြေကုပ်ယူရာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာ ကတည်းက စစ်သွေးကြွ တွေကို တူနီးရှား စစ်တပ်က နှိမ်နင်းဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

တူနီးရှား သမ္မတ Moncef Marzoukiကတော့ စစ်သား သုံးယောက် သေဆုံးခဲ့ရတဲ့ အပေါ် သုံးရက်တာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြဖို့ ကြေညာထားပါတယ်။