ဖြုတ်ချခံ အီဂျစ် သမ္မတဟောင်းကို အီးယူ အရာရှိ တွေ့ခွင့်ရ

  • 30 ဇူလိုင် 2013
Cathrine Ashton and Mohammad Morsi
Image caption ကက်သရင်း အက်ရှ်တန်ဟာ မစ္စတာ မော်စီကို ပထမဆု့း တွေ့ခွင့် ရတဲ့ ပြည်ပ အရာရှိ ဖြစ်

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် Catherine Ashton က ဖြုတ်ချ ခံခဲ့ ရတဲ့ အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

မစ္စတာ မော်စီနဲ့ ၂ နာရီလောက် သေသေ ချာချာ စကား ပြောခဲ့တယ် ဆိုပေမဲ့ ဘာတွေ အသေးစိတ် ပြောလိုက်တယ် ဆိုတာ ကိုတော့ ကက်သရင်း အက်ရှ်တန်က ပြန်ပြော မပြပါဘူး။

သူ့စကားကို ပြန်ပါးမယ် ဆိုရင် အမှား အယွင်း ပါမှာ စိုးလို့ ပြန်ပြောမှာ မဟုတ်ဘူးလို့လည်း သူက မစ္စတာ မော်စီကို ပြောခဲ့ ပါတယ်။

မစ္စတာ မော်စီ ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ပျော် ရွှင်ရွှင် ရှိနေတာကို တွေ့ရ ကြောင်းနဲ့ စစ်စခန်း ထဲမှာ သူနဲ့ အတူ အကြံပေး ၂ ယောက်ကိုပါ တွေ့ရပြီး ဘေးနားက လူတွေက သူ့ကို ဂရုတစိုက် ရှိတာ လည်း တွေ့ရ တယ်လို့ မစ္စစ် အက်ရှတန်က ဆိုပါတယ်။

ကက်သရင်း အက်ရှ်တန်က မစ္စတာ မော်စီရဲ့ ရေခဲ သေတ္တာ ကိုပါ ဖွင့်ကြည့် စစ်ဆေး လာခဲ့ တာပါ။

မစ္စတာ မော်စီကို သွားရောက် တွေ့ဆုံခဲ့ပေမဲ့ ဘယ်နားမှာ ထားမှန်း တော့ Baroness အက်ရှတန် မသိပါဘူး ။

သူ့ကို တနင်္လာ နေ့ည က စစ်ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ မစ္စတာ မော်စီကို ကိုင်ရို မြို့ပြင်မှာ ထားဖို့ များတယ်လို့ ယူဆ နေကြ ပါတယ်။

ဇူလိုင် လဆန်းက အီဂျစ်ကို တခေါက် ရောက်လာ ကတည်းက မစ္စတာ မော်စီနဲ့ တွေ့ခွင့်ရဖို့ မစ္စ အက်ရှ်တန် တောင်းဆို ခဲ့ပေမဲ့ ဒီတခေါက်မှ တွေ့ခွင့် ရတာဖြစ်ပါတယ်။

အီဂျစ် စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် စီစီနဲ့ အစိုးရ ဝန်ကြီးတွေကိုလည်း တနင်္လာ နေ့က မစ္စ အက်ရှတန် တွေ့ဆုံ ခဲ့ပါတယ်။

လက်တွေ့မှာ အခြေ အနေကို တည်ငြိမ်အောင် ဖြေရှင်း နိုင်တဲ့ နည်းလမ်း ရှာဖို့ လိုတယ်လို့ တွေ့တဲ့ လူတိုင်းကို သူ ပြောခဲ့ကြောင်း မစ္စ အက်ရှတန် က ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ရှိဖို့ အရေးကြီးကြောင်းနဲ့ ဒါကို မှန်မှန် ကန်ကန် ဖြစ်ဖို့ အာဏာပိုင် တွေမှာ တာဝန် အများကြီး ရှိတယ် လို့လည်း သူက ဆိုပါတယ်။

လက်ရှိ အကျပ် အတည်းကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ကျော်လွှားဖို့ အစိုးရက အစွမ်းကုန် လုပ်ဆောင် နေတယ်လို့ အီဂျစ် ကြားဖြတ် ဒုတိယ သမ္မတ မိုဟာမက် အယ်လ် ဘာရာဒေးက မစ္စ အက်ရှ်တန်ကို ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ