စနိုဒင်ကို ခိုလှုံခွင့်ပေးလို့ အမေရိကန်က ရုရှားကို စိတ်ပျက်

Image caption အက်ဒွပ် စနိုဒင် ( အလယ် ) သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

အမေရိကန်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ဖွင့်ချခဲ့တဲ့ အက်ဒွပ် စနိုဒင်ကို ယာယီ ခိုလှုံခွင့် ပေးလိုက်တဲ့ ရုရှားရဲ့ ဆုံးဖြတ်ချက်ကို အလွန်အမင်း စိတ်ပျက်မိတယ်လို့ အမေရိကန်က ပြောပါတယ်။

လာမယ့် စက်တင်ဘာမှာ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်နဲ့ တွေ့ဆုံ အစည်းအဝေး လုပ်မယ့် ကိစ္စကို ဆက်လုပ်ဖို့ သင့်မသင့် အခုတော့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန် အစိုးရက လူထုရဲ့ ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက် အသုံးပြုမှုတွေကို ခိုးနားထောင်တဲ့ အစီအစဉ်ကို ထောက်လှမ်းရေး အရာရှိဟောင်း မစ္စတာ စနိုဒင် က လူသိရှင်ကြား ထုတ်ဖော် ပြောဆို လိုက်တဲ့ အတွက် သူ့ကို အမေရိကန်က သူလျှိုမှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ရုရှား အစိုးရကို မစ္စတာ စနိုဒင်က ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန် အစိုးရဟာ နိုင်ငံတကာ ဥပဒေကို လေးစား လိုက်နာမှု မရှိဘူး ဆိုတာ ပြနေတယ်လို့ စွပ်စွဲ ပြောဆို ထားတဲ့ ထုတ်ပြန် ကြေညာချက်ကို ဝီကီလိခ် ၀က်ဘ်ဆိုက်ထ်မှာ ဖော်ပြထားပါတယ်။