ကက်ရှ်မီးယာ တိုက်ခိုက်မှု အိန္ဒိယစစ်သား ၅ ဦး သေ

  • 6 ဩဂုတ် 2013
Image caption အိန္ဒိယနဲ့ ပါကစ္စတန် သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ

အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယားဒေသက ကြားခံသတ်မှတ် ထားတဲ့ နယ်စပ်မျဉ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အိန္ဒိယ စစ်သား ၅ဦး သေဆုံးသွားခဲ့ပါတယ်။

အင်္ဂါနေ့ မနက် လင်းအားကြီးအချိန်မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အိန္ဒိယ အစိုးရ အုပ်ချုပ်တဲ့ အပိုင်းဘက်ခြမ်းမှာ ရှိတဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေကို ပါကစ္စတန် တပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်လို့ ဖြစ်ခဲ့ရတာလို့ အိန္ဒိယ စစ်တပ်က ပြောနေတာပါ။

အခုလို အကြောင်းမဲ့ ရန်လို တိုက်ခိုက်တာမျိုးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်။ ပါကစ္စတန် အစိုးရကိုလည်း သံတမန် လမ်းကြောင်းကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး AK Antony က ပြောသွားပါတယ်။

ဒါပေမယ့် ပါကစ္စတန် အစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ပစ်ခတ် တိုက်ခိုက်မှုမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

တကယ်ဆိုရင် ကက်ရှ်မီးယား ဒေသဟာ ၁၉၄၇ခုနှစ် ဗြိတိသျှ အစိုးရဆီက လွတ်လပ်ရေး မရခင်ကတည်းက အိန္ဒိယနဲ့ ပါကစ္စတန် အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေခဲ့ကြတာ ဖြစ်ပြီး သံတမန်နည်းအရ ပဋိပက္ခကို မဖြေရှင်းနိုင်ပဲ ရန်စောင် နေကြတာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရခဲ့အပြီးမှာ မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ ကက်ရှ်မီးယား ပြည်နယ်ရဲ့ အကြီးအကဲ ဟိန္ဒူဘာသာဝင် မဟာရာဂျာ ဟာရီ ဆင်းက ကက်ရှ်မီးယား ဒေသကို အိန္ဒိယဘက် ပေးရမလား၊ ပါကစ္စတန်ဘက် ပေးရမလား မဆုံးဖြတ်နိုင်ခဲ့ပဲ သယ်ယူပို့ဆောင်ရေး နဲ့ တခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ပါကစ္စတန် အစိုးရနဲ့ လုပ်ဖို့ ယာယီ သဘောတူချက် လက်မှတ်ထိုးခဲ့ပါတယ်။

အဲဒီမှာ ရှိတဲ့ မွတ်ဆလင်တွေ တိုက်ခိုက်ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေကြောင့် ၁၉၄၇ခုနှစ် အောက်တိုဘာလမှာ ပါကစ္စတန်ဘက်က တိုင်းရင်းလူမျိုးစုတွေ ကက်ရှ်မီးယား ပြည်နယ်ကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီအခါမှာ မဟာရာဂျာ ဟာရီ ဆင်းက အိန္ဒိယ အစိုးရကို အကူအညီတောင်းပြီး ပြန်တိုက်ခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် အိန္ဒိယ အစိုးရကို အရေးပါတဲ့ သြဇာအာဏာတွေ ပေးဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီက စလို့ အိန္ဒိယ ပါကစ္စတန် နှစ်နိုင်ငံအကြား ၁၉၄၇-၄၈ မှာ တခါ၊ ၁၉၆၅ ခုနှစ်မှာ တခါ စစ်ပွဲကြီး နှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ပါတယ်။

၁၉၉၉ခုနှစ်တုန်းကလည်း အိန္ဒိယ အစိုးရ ထိန်းချုပ်တဲ့ ပိုင်နက် နယ်မြေတွေထဲ စိမ့်ဝင်လာတဲ့ ပါကစ္စတန် အစိုးရထောက်ခံအားပေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အိန္ဒိယ စစ်တပ်အကြား အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

၂၀၀၃ခုနှစ်မှာတော့ နှစ်နိုင်ငံအကြား ကြားခံ သတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းတလျှောက်မှာ အပစ်အခတ် မလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီနောက် ၂၀၁၀ခုနှစ်ကစလို့ အိန္ဒိယနဲ့ ပါကစ္စတန် အကြား ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလည်းမကြာခဏ ဆိုသလို လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း နှစ်ဘက်အကြား မသင်္ကာမှုတွေ ပြဿနာတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တခါ အိန္ဒိယရော၊ ပါကစ္စတန်ပါ နျူးကလီးယား အင်အားကြီးနိုင်ငံတွေ ဖြစ်နေကြတဲ့အတွက် အင်္ဂါနေ့ မနက်ကလို ဖြစ်ရပ်မျိုးတွေကြောင့် စိုးရိမ်စရာ အခြေအနေကတော့ ရှိနေနိုင်ပါတယ်။