ထိုင်း လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း

  • 6 ဩဂုတ် 2013
thai
Image caption လွတ်ငြိမ်းခွင့် ဥပဒေ မလိုလားသူတွေ ဆန္ဒပြ

ထိုင်း ပြည်သူ့ လွှတ်တော်မှာ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်း ကို ဗုဒ္ဓဟူးနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အတိုက်အခံ ပါတီနဲ့ အစိုးရ ဆန့်ကျင်သူ တွေက ကန့်ကွက် နေကြပါတယ်။

လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ မူကြမ်းကို တင်သွင်းဖို့ ဖြစ်လာတာ ကတော့ လွန်ခဲ့တဲ့ ၆ နှစ်ကျော် ကစပြီး နိုင်ငံရေး တင်းမာမှု တွေနဲ့ ပြစ်မှုတွေ နိုင်ငံရေး လောကမှာ ရင်ဆိုင် နေရတာကြောင့် ဖြစ်ပါတယ်။

ထပ်စင် ချင်နဝပ် ဝန်ကြီးချုပ် ဖြစ်နေချိန်မှာ သူ့ကို ရှပ်ဝါတွေက ဆန္ဒပြရင်းက ပြစ်မှု ကျူးလွန်ခဲ့တာ ရှိပါတယ်။

နောက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ထပ်စင် ချင်နဝပ်ကို အာဏာ အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ထားလို့ ထပ်စင် ချင်နဝပ်က ပြည်ပမှာ တိမ်းရှောင်နေရ ပါတယ်။

အာဏာသိမ်းမှုနဲ့ ထပ်စင် ချင်နဝပ်ကို ပြစ်ဒဏ် ပေးတာကို မကြေနပ်တဲ့ ရှပ်နီ တွေက ဆန္ဒပြ ကြပြီး ပြစ်မှု ကျူးလွန်မှုတွေ ရှိခဲ့တယ်။

ဆန္ဒပြတဲ့ ရှပ်နီတွေကို လူစုခွဲရာမှာ အင်အား သုံးခဲ့လို့ လူပေါင်း ၉ဝ ကျော် သေဆုံးခဲ့တဲ့ အပေါ် ဝန်ကြီးချုပ်ဟောင်း အဖိစစ် ဝေ့ချားချီဝါ့နဲ့ တာဝန်ရှိသူ တွေလည်း အမှု ရင်ဆိုင် နေရပါတယ်။

အဲ့ဒီ နိုင်ငံရေး တင်းမာမှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြစ်မှုတွေမှာ တာဝန်ရှိတဲ့ ခေါင်းဆောင် တွေက လွဲပြီး အောက်လက်ငယ်သား တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ ထပ်စင် ရဲ့ နှမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ ဖုယာထိုင်း ပါတီက လွှတ်တော် အမတ် တဦးက တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထပ်စင် ချင်နဝပ် လွတ်ငြိမ်း ချမ်းသာခွင့် ရအောင် လုပ်ဆောင်မှု တခုအနေ နဲ့ ဝန်ကြီးချုပ်ဟောင်း အဖိစစ် ဝေ့ချားချီဝါ့ ဦးဆောင်တဲ့ အတိုက်အခံ ပါတီက စွပ်စွဲ ထားပါတယ်။

တချိန်ထဲမှာဘဲ ဒီဥပဒေမူကြမ်းကို လက်မခံသူတွေက ထပ်စင် ချင်နဝပ်ရဲ့ မူဝါဒ အမြစ်ဖြုတ်ရေး ပြည်သူ့တပ်မတော် အဖွဲ့ ဆိုပြီး ဘန်ကောက် မြို့လယ်က လုမ္ဗနီ ပန်းခြံမှာ ဆန္ဒပြ နေပါတယ်။

လွှတ်တော် အစည်းအဝေး မကျင်းပနိုင်အောင် ခြိမ်းခြောက်မှု တွေလည်း ရှိနေတာကြောင့် ဝန်ကြီးချုပ်ရုံးနဲ့ လွှတ်တော် အဆောက်အအုံ တဝိုက်ကို အရေးပေါ် ကြေညာချက် ထုတ်ပြန် ထားပြီး လုံခြုံရေးရဲအင်အား ထောင်နဲ့ချီ ချထားပါတယ်။

တချိန်ထဲမှာ စစ်တပ်က အာဏာသိမ်းဖို့ တိုက်တွန်းနေသူ ရှိသလို လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်လုပ်ဖို့ တိုက်တွန်းနေသူ တွေလည်း ရှိနေ ပါတယ်။

ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် ကတော့ နိုင်ငံရေး ထွက်ပေါက်အဖြစ် နိုင်ငံရေး တင်းမာမှုမှာ ပါဝင် ပတ်သက်သူတွေ ပြီးတော့ အများ လေးစားသူတွေ စုပေါင်း ဆွေးနွေးဖို့ ဖိတ်ခေါ် ထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရေး တင်းမာမှုကနေ ဘယ်လိုဖြစ်လာမလဲ မဟီဒေါ တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး သုတေသနမှူး ကိုထုန်း အားလီယားကို မေးကြည့်တော့ အာဏာသိမ်းတာ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဘာလုပ်လုပ် စိတ်ဝမ်းကွဲမှုက ပြီးမှာ မဟုတ်ဘူး။ အကောင်းဆုံးက အနိုင်လိုစိတ်တွေ ဖျောက်ပြီး သက်ဆိုင်သူ အားလုံး ပါဝင်ဆွေးနွေးမယ်၊ အနာဂတ် တိုင်းပြည် အရေးကိုဘဲ ဦးတည် ဆောင်ရွက်မယ် ဆိုရင် ရနိုင်ပေမယ့် အဲ့ဒီ အခြေအနေ မျိုးကို အခုအထိ မတွေ့သေးဘူးလို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံရေး တင်းမာမှုဟာ ရေချိန်မြင့် နေပြီ ဖြစ်ပေမယ့် ရှေ့အလားအလာကို ကြိုတင် မခန့်မှန်းနိုင် သလို့ ဖြေရှင်းနိုင်မယ့် အခြေအနေကလည်း မရေမရာ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ