ပါကစ္စတန်မှာ အသေခံ ဗုံးခွဲ

  • 8 ဩဂုတ် 2013
Image caption လုပ်ဖေါ်ကိုင်ဘက် ရဲရဲ့ အသုဘ အခမ်းအနား တက်ဖို့ လာတဲ့ ရဲတွေ တိုက်ခိုက်ခံခဲ့ရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကွက်တာမြို့က ရဲဝန်ထမ်း တဦးရဲ့ အသုဘ အခမ်းအနားမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ၂၉ဦး သေဆုံးပြီး လူ၅၀ကျော် ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားသူတွေနဲ့ ဒဏ်ရာ ရသွားသူ အများစုဟာ အစောပိုင်း တိုက်ခိုက်မှုတခုအတွင်း သေဆုံးသွားခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက် ရဲတဦးရဲ့ အသုဘ အခမ်းအနားကို တက်ဖို့ ရောက်လာသူ ရဲဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

အဲဒီ အသေခံ ဗုံးခွဲသူဟာ အသုဘ အခမ်းအနား မစခင်ကလေးမှာ ဖေါက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရဲဘက်ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ခွဲထွက်ရေး သမားတွေနဲ့ အစ္စလာမစ် လက်နက်ကိုင် အဖွဲ့တွေ ဆယ်စုနှစ်နဲ့ချီ ပုန်ကန် ထကြွမှုတွေ ဖြစ်နေတဲ့ ဘာလူခစ္စတန် ပြည်နယ်ရဲ့ ရဲအဖွဲ့အကြီးအကဲလည်း ပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ ထုတ်ဖေါ် ဝန်ခံတာမျိုး မရှိသေးပါဘူး။