ဖိလစ်ပိုင်အပေါ်ထားတဲ့ ပိတ်ဆို့မှုတွေ ထိုင်ဝမ် ရုတ်သိမ်း

  • 8 ဩဂုတ် 2013
Image caption သေဆုံးသူရဲ့ သမီးဖြစ်သူကို ဖိလစ်ပိုင် အထူးကိုယ်စားလှယ် အဖွဲ့က တောင်းပန်စကားဆို

ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်အကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း မေလတုန်းက ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ထိုင်ဝမ် ငါးဖမ်းသမားတဦးရဲ့ မိသားစုကို သမ္မတ ဘဲနစ်ဂ်နို အကီနိုက တောင်းပန်စကား ပြောကြားလိုက်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံအပေါ် ချမှတ် ပိတ်ဆို့ထားတဲ့ ဒဏ်ခတ်မှုတွေကို ထိုင်ဝမ်က ပြန်လည် ရုတ်သိမ်းလိုက်ပါတယ်။

ထိုင်ဝမ်မှာ လာအလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် အလုပ်သမားတွေကို ငှားရမ်းမှုတွေ ရပ်ဆိုင်းထားမှု အပါအဝင် ဒဏ်ခတ် ပိတ်ဆို့မှု ၁၁ခုစလုံးကို ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး David Lin က ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

သမ္မတ အကီနိုရဲ့ တောင်းပန်စကားကို သူ့ရဲ့ အထူးကိုယ်စားလှယ် အဖွဲ့တဖွဲ့က သေဆုံးသူရဲ့ မိသားစု နေထိုင်ရာ ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းဆီ ကိုယ်စား သွားရောက် ပြောခဲ့ကြပါတယ်။

အဲဒီလို ထိုင်ဝမ် ငါးဖမ်းသမား သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်အကြား ဆက်ဆံရေး အကြီးအကျယ် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆို အပြစ်ပေးမယ်လို့ အထူးကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုဟာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့ အနေနဲ့ လုပ်ခဲ့တာလို့ ဖိလစ်ပိုင် အစိုးရက အစပိုင်းတုန်းက ပြောခဲ့ပေမယ့် အခုတော့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်် တပ်ဖွဲ့ဝင်တွေက လိုတာထက် ပိုအင်အားသုံး လုပ်ခဲ့ကြောင်း ဝန်ခံ ပြောလိုက်ပါတယ်။