ငှက်ဖျား ကာကွယ်ဆေး အသစ် ထွက်ပေါ်

  • 9 ဩဂုတ် 2013
Malaria
Image caption ကာကွယ်ဆေး အသစ်ကို အားပျော့ ငှက်ဖျားပိုးနဲ့ ပြုလုပ်

ငှက်ဖျားရောဂါ ကာကွယ်ဆေးအသစ်ကို အမေရိကန် ပြည်ထောင်စုမှာ စမ်းသပ် ထုတ်လုပ်လိုက်ပါတယ်။

ဒီကာကွယ် ဆေးဟာ အရင်ကလုပ်နေကျ ငှက်ဖျား ကာကွယ်ဆေးတွေနဲ့ တမူထူးခြားပါတယ်။

ဒီကာကွယ် ဆေးဟာ အားနည်းတဲ့ ငှက်ဖျားပိုးကို လူနာရဲ့ ကိုယ်ထဲထိုးထည့်ပေးတဲ့ နည်းဖြစ်ပါတယ်။

အားနည်းတဲ့ ငှက်ဖျားပိုးကို လူနာရဲ့ ကိုယ်ထဲထိုးထည့်ပေးတဲ့နည်းနဲ့ လူရဲ့ကိုယ်ခံစွမ်းအားကို ငှက်ဖျားပြီးအောင် မြှင့် တင်ပေးတဲ့နည်းဖြစ်ပါတယ်။

ဒီသုတေသန အောင်မြင်ကြောင်းကို သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

မေရီလန်း ပြည်နယ် အမျိုးသားကျန်းမာရေး ဌာန ရဲ့ ကာကွယ်ရေး သုတေသန ဌာနခွဲက ခေါင်းဆောင်ဆရာဝန် ဒေါက်တာ ရောဘတ် ဆီဒါ က ဆောင်းပါးရေးသားခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဒီဆေးဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် သိပ်စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်ထပ်ပြီးစမ်းသပ် ဖို့တော့ လိုပါသေးတယ်လို့ သူက ပြောပါတယ်။

အရင်က သုံးနေကျနည်းအစားမှာ အခုနည်းက စမ်းသပ်ခန်းထဲမှာ မွေးမြူထားတဲ့ ခြင်တွေဆီကနေ အားပျော့တဲ့ ငှက်ဖျား ရောဂါပိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ငှက်ဖျားကာကွယ်ဆေးရရှိပြီးနောက် ကိုယ့်သဘောနဲ့ ကိုယ် သဘောတူ အစမ်းသပ်ခံမယ့် လူ ၅၇ ယောက်ကို စမ်းသပ်ကြည့်ခဲ့ပါတယ်။

၅၇ ယောက်အနက်မှာ ၁၅ ယောက်ကို ကာကွယ်ဆေးများများထိုးပြီး ၂၅ ယောက်ကို နည်းနည်း ထိုးခဲ့ပါတယ်။ ကျန်တဲ့ ၁၇ ယောက်ကို လုံးဝ မထိုးဘဲ ထားပြီး အားလုံးကို ငှက်ဖျားပိုးရှိတဲ့ ခြင်အကိုက်ခံစေခဲ့ပါတယ်။

အဲဒီအထဲမှာ ကာကွယ်ဆေးနည်းနည်း အထိုးခံတဲ့သူနဲ့ လုံးဝ ထိုးမပေးတဲ့ သူတွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးများများထိုးသူ ၁၅ ယောက်ထဲမှာတော့ ၃ ယောက်သာ ငှက်ဖျားပိုးအကူးစက်ခံခဲ့ရတာ တွေ့ရပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးကို အသားဆေးမဟုတ်ဘဲ အကြောဆေးအဖြစ်နဲ့ သွေးကြောထဲကို တိုက်ရိုက်ထိုးသွင်း ရမယ်လို့ ဆိုပါတယ်။

နောက်ထပ် စမ်းသပ်မှုတွေ ထပ်မံပြုလုပ်ပြီး ပြုပြင်မွမ်းမံသွားရင် ပိုမိုကောင်းမွန်တဲ့ ကာကွယ်ဆေးတရပ်ဖြစ်လာမယ်လို့ ယူဆကြောင်းလည်း ဒေါက်တာ ရောဘတ်ဆီဒါက ပြောပါတယ်။