နှစ်ပေါင်း ၄၀ စစ်ပြေးဒုက္ခသည်

  • 9 ဩဂုတ် 2013
Vietnam war refugees
Image caption သားအဖနှစ်ယောက်ကို ပြန်ခေါ်လာစဉ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ဗီယက်နမ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ စစ်မက်ဖြစ်ပွားစဉ်ကတည်း တောတွင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သားအဖ နှစ်ယောက်ကို လူ့အသိုင်းအဝိုင်းထဲပြန်လည် ဝင်ရောက်ဖို့ ဗီယက်နိုင်ငံသားတွေနဲ့ ဒေသဆိုင်ရာ အကြီးအကဲ တချို့က ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။

သူတို့ မိသားစုဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မလုပ်ဘဲ တိမ်းရှောင်နေခဲ့တာ နှစ်ပေါင်း ၄၀ ကြာပါတယ်။ အခု မိသားစုဝင် သုံးယောက် စစ်ကျန် မြေမြှုပ်မိုင်းဒဏ်နဲ့ အသက်ဆုံးရှုံးပြီးနောက်ကျမှ လူ့လောကထဲမှာ ပြန်လည်ခြေချဖို့ ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တာပါ။

အခု လူတွေနဲ့အတူပြန်လည် လိုက်ပါလာတဲ့ အချိန်မှာ ဟိုဗန်လန်းဟာ သန်သန်မာမာ ဖြစ်ပေမဲ့ အသက် ၈၂ နှစ် အရွယ် သူ့အဖေကိုတော့ အဝတ်ပုခက်ကို ထမ်းစင်လုပ်ပြီး သယ်လာရပါတယ်။

သူတို့တောထဲမှာ နေခဲ့တဲ့ကာလတော်တော်များများမှာ သူတို့ ဘယ်မှာ နေတယ်ဆိုတာ လူတွေက ခြေရာ မခံနိုင်ခဲ့ကြပါဘူး။

ကွမ်းငိုင်း ဒေသတောနက်ကြီးထဲက သစ်တောသစ်ရွက်ထူထပ်တဲ့ နေရာမှာ သူတို့နေထိုင်ကြပါတယ်။ သူတို့ကို ထိတွေ့ ဆက်သွယ်နိုင်ဖို့ကလည်း တော်တော်ခက်ခဲလှပါတယ်။

အခုလူတွေနဲ့ ပြန်ထိတွေ့တဲ့အခါ ဟိုဗန်လန်းဟာ သူတို့ဒေသခံတိုင်းရင်းသားတွေပြောကြတဲ့ ကော်ဘာသာစကားကို နည်းနည်းပဲ နားလည်ပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ဟိုဗန်လန်းရဲ့ အစ်ကိုက သူတို့ကို တောထဲမှာလိုက်ရှာပြီး တခါ တွေ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ခေတ်မီလောကကြီးထဲ ပြန်ဝင်ဖို့ အရေးကို ဘယ်လိုမှ ဆွဲဆောင်လို့ မရခဲ့ပါဘူး။

အခုတော့ ဒေသတွင်း သတင်းစာတွေထဲမှာ အမျိုးသမီးကြီး တယောက်နဲ့ ခလေးနှစ်ယောက် မိုင်းထိပြီး သေတယ်ဆိုတဲ့ သတင်းထွက်လာရာကနေ ပြန်ပြီး သဲလွန်စရခဲ့တယ်လို့ မြို့မှာနေတဲ့ ဟိုဗန်လန်းရဲ့ အစ်ကို ကပြောပါတယ်။ သဲလွန်စအတိုင်းစုံစမ်းကြည့်တဲ့ အခါသေသွားတဲ့ အမျိုးသမီးကြီးဟာ သူ့အမေဖြစ်ပြီး ခလေးတွေဟာ သူ့အမေရဲ့ မြေးတွေဖြစ်နေတာကို သိခဲ့ရပါတယ်။

တောထဲမှာ သူတို့ဟာ လူရိုင်းတွေလို လန်ကွတ်တီလေးတွေပဲ ဝတ်ပြီးနေထိုင်ကြပါတယ်။ လက်နက်ပစ္စည်း အဖြစ် လက်လုပ် ပုဆိန်နဲ့ ဓါးမတိုကိုသုံးပါတယ်။ ပြောင်းဖူး၊ သစ်သီးနဲ့ အာတာလွတ်ဥ၊ ကန်စွန်းဥတွေကို စားပြီး အသက်ရှင်ကြပါတယ်။

နေတဲ့အိမ်က မြေပြင်ကနေ ၁၅ ပေမြင့်တဲ့ သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့ သစ်ပင်အိမ်လေးပါ။ မြှားနဲ့ ဓါးကို အသုံးပြုပြီး အမဲလိုက်ကြပါတယ်။

အဖိုးကြီးက သူ့စစ်ဘောင်းဘီနဲ့ အနီရောင် အပေါ်အင်္ကျီကို သူတို့အိမ်ထောင့်မှာ သပ်သပ်ယပ်ယပ်ခေါက်ပြီးသိမ်းထားပါတယ်။ သူတို့ထွက်ပြေးဖို့ လိုအပ်တဲ့အခါ ဝတ်ဖို့ သိမ်းထားတာလို့ ထင်ကြောင်း သားဖြစ်သူက ပြောပါတယ်။

သူတို့ကို လူတွေကတွေ့တဲ့အခါ သူတို့ဟာ လူရိုင်းတွေလိုဖြစ်နေပြီးသူတို့ အမူအယာက ဆန်းကြယ်နေလို့ လူတွေဟာ တအံ့တသြဖြစ်ခဲ့ကြပါတယ်။

သူတို့ရှိတယ်လို့ သတင်းကြားထားတဲ့ တောအုပ်ထဲမှာ ၅ နာရီလောက်ကြာအောင် တောနင်းရှာပြီးမှ သူတို့ကို သစ်ပင်အိမ်ထဲမှာ တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

ခုတော့ သူတို့သားအဖမှာ နှစ်ရှည်လများ ခံစားခဲ့ကြရတဲ့ စိတ်ဒဏ်ရာကို ကုစားဖို့ သားအဖနှစ်ယောက်စလုံးကို ဆေးစစ်ဆေးမှုတွေလုပ်နေပြီး သူတို့ကို လူ့အသိုင်းအဝိုင်းမှာဝင်ဆန့်နိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။