အီဂျစ် သပိတ် နောက်ဆုံးအခြေအနေ

  • 12 ဩဂုတ် 2013
egypt strike
Image caption သပိတ်စခန်းတွေအနားမှာ သဲအိတ်တွေ၊ ကျောက်တုံးတွေနဲ့ အကာအရံလုပ်ကြ

ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံ ဆန္ဒပြသူတွေရဲ့ သပိတ် စခန်းတွေကို အစိုးရက ဖြိုခွင်းတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့အပြီးမှာ ဆန္ဒပြသူတွေ ဘက်ကလည်း အဲဒီအတွက် ပြင်ဆင်နေကြ ပါတယ်။ အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနဆီက ထွက်လာတဲ့ သတင်းတခုအရ ဆိုရင်တော့ မနက်အရုဏ် မတက်ခင်မှာဘဲ ဖြိုခွင်းတော့မယ် ဆိုပြီး ကြားခဲ့ရတာပါ။

ဒါပေမယ့် ကိုင်ရို အရှေ့ပိုင်းက ရာဘာအဲလ် အဒါဝီယား ဗလီ အနားနဲ့ မြို့အနောက်ပိုင်းက နာဒါ ရင်ပြင်က သပိတ်စခန်းတွေ အနားမှာ ရဲတွေရဲ့ လှုပ်ရှားမှုတွေတော့ မမြင်ရသေးပါဘူး။ မစ္စတာ မော်ဆီရဲ့ အဖွဲ့ဖြစ်တဲ့ မွတ်စလင် ညီနောင်များ အဖွဲ့ကတော့ သွေးထွက်သံယိုတွေ မြင်ရလိမ့် ဦးမယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က လူထုက နုတ်ထွက်ပေးဖို့ ဆန္ဒတွေ အကြီးအကျယ် ပြခဲ့အပြီးမှာ စစ်တပ်က အီဂျစ်ရဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက်ထားတဲ့ ပထမဆုံး သမ္မတ ဖြစ်တဲ့ မစ္စတာ မော်ဆီကို ဖြုတ်ချခဲ့တဲ့ နောက်ပိုင်းက စလို့ ဖြစ်ခဲ့တဲ့ ထိတ်တိုက် ရင်ဆိုင်မှုတွေ အတွင်းမှာ လူပေါင်း ၂၅၀ မက အသက် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ အများစုကတော့ မစ္စတာ မော်ဆီကို ထောက်ခံကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပြည်ထဲရေး ဝန်ကြီး ဌာနထဲက ထွက်လာတဲ့ သတင်းအရ တနင်္လာ အရုဏ်မတက်ခင်မှာတင် သပိတ် စခန်းတွေကိုတဖြည်းဖြည်း စဖြိုတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခုထက်ထိတော့ ဘာမှ မဖြစ်သေးပါဘူး။

ရာဘာ အဲလ် အဒါဝီယား ဗလီနားက သပိတ်စခန်းကိုဆို စစ်တပ်က ဝိုင်းထားပြီး ဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ အဲဒီ သပိတ်စခန်း ၂ ခုလုံး ထဲကို စားနပ် ရိက္ခာနဲ့ သောက်သုံးရေတွေ ဝင်တာကို ရပ်ပြစ်ဖို့ အတွက် စပြီး ပိတ်ဆို့မှုတွေ လုပ်ကြမှာ ဖြစ်ပါတယ်။ အီဂျစ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ဘီဘီစီကို ပြောရာမှာတော့ တွေ့ဆုံ ဆွေးနွေးဖို့ နည်းမျိုးစုံ ကြိုးပမ်းခဲ့ပြီးပြီ၊ ဒီလို ဆက်ပြီး သပိတ်ဆင်နွဲနေလို့ မဖြစ်ဘူးလို့ ပြောပါတယ်။ ဆွေးနွေးခြင်းနဲ့ သော်လည်းကောင်း၊ တရားဥပဒေနည်းနဲ့ သော်လည်းကောင်း ဒီအခြေအနေတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လုပ်ရမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။ အဲဒီ ပြဿနာတွေကို ဖြေရှင်းရေး အတွက် အာဏာပိုင်တွေဘက်က ကြိုးပမ်းနေခဲ့တာ သတင်း ၃ ပတ်လောက် ရှိခဲ့ပြီလို့လည်း သူက ပြောသွားခဲ့ပါတယ်။

တစ်ဘက်မှာတော့ ဆန္ဒပြကြသူတွေက သူတို့ သပိတ်စခန်းတွေ အနားမှာ သဲအိတ်တွေ ကျောက်တုံး ကျောက်ခဲတွေနဲ့ အကာအရံ တွေလုပ်နေကြသလို တကယ်လို့များ လုံခြုံရေးတွေဘက်က ဝင်စီးခဲ့ရင် အသင့်ဖြစ်နေအောင် ဆိုင်ကယ် ဦးထုတ်တွေနဲ့ တုတ်တွေပါ အသင့်ပြင်ထားကြပါတယ်။ စျေးသည်တွေကလည်း ဓာတ်ငွေ့က မျက်နှာဖုံးတွေ ထောင်နဲ့ ချီလို့ ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်က အစ်ပွဲတော် ကုန်မယ့် ဩဂုတ် လ ၁၁ ရက် အထိ စောင့်နေခဲ့ကြတာဖြစ်ပြီး အခုတော့ ဖြိုခွဲဖို့ ကိစ္စတွေ စတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ကြိုတင် သတိပေး ချက်တွေက ဆန္ဒပြကြသူတွေကို အိမ်ပြန်ကြဖို့အတွက် တိုက်တွန်းတာလား ဆိုတာတော့ မကွဲပြားသေးပါဘူး။ ဒါပေမယ့် အရင်က ဒီလို တိုက်တွန်းခဲ့တာမျိုးတွေမှာတော့ မအောင်မြင် ခဲ့ပါဘူး။ မွတ်စလင် ညီနောင်များအဖွဲ့ကလည်း ကိုင်ရိုမြို့က အဓိက ရင်ပြင်ကြီးတွေမှာ ထိုင်သပိတ်တွေ ဆင်နွဲဖို့ကို ထပ်ပြီး နိုးဆော်ထားပြန်ပါတယ်။ မော်ဆီကို ထောက်ခံသူတွေက နောက်ထပ် လမ်းတွေပေါ် ထွက်လို့ ဆန္ဒပြဖို့ ပါပြင်နေကြပါတယ်။

အခြေအနေတွေကတော့ နောက်ထပ် ထိတ်တိုက် ရင်ဆိုင်မှုကြီး တခုစီကို ဦးတည်နေပြီပြီး လုံခြုံရေးတွေက ဘယ်လောက်ပဲ ထိန်းပြီး လုပ်မယ် ဆိုဦးတော့ သွေးမြေကျတဲ့ အဖြစ်တွေ မြင်လာရနိုင်တယ်လို့ အဲဒီက သတင်းထောက်က ပြောပါတယ်။