တရုတ် အကြမ်းဖက်မှု ၂ ဦးကို သေဒဏ်ပေး

  • 13 ဩဂုတ် 2013
xinjiang violence
Image caption အဓိကရုဏ်း စတင်ရခြင်း အကြောင်းရင်းများစွာ ရှိနေ။

မွတ်ဆလင် အများစု နေထိုင်တဲ့ တရုတ်နိုင်ငံ ရှင်ဂျန် ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ ရတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသား ၂ ဦးကို သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

အဲဒီသူ ၂ ဦးဟာ အဲဒီတုန်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက် အုပ်စုမှာ ပါဝင်နေတယ်ဆိုပြီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနောက်ဖက် အလွန်ဝေးလံတဲ့ ရှင်ဂျန် ပြည်နယ်က ကက်ရှ်ဂါ ခရိုင်မှာ အခုနှစ် ဧပြီလ ၂၃ရက်ကဖြစ်ခဲ့တဲ့ အဓိကရုန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီ ဖြစ်ရပ်ရဲ့ အစကတော့ အိမ်တလုံးမှာမသင်္ကာလို့ ရှာဖွေရာက ဆူပူအကြမ်းဖက်မှုတွေ စဖြစ်ခဲ့တာပါ။ အဲဒီနေအိမ်ကလူတွေက လုံခြုံရေးသမားတွေကိုဖမ်းပြီး အိမ်ကိုမီးရှို့ရာမှာ လုံခြုံရေးသမားတွေ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရကလည်း လူ ၆ ယောက်ကို ပစ်ခတ်နှိမ်နင်းခဲ့ရတယ်လို့ ပြောပါတယ်။

ဒါဟာ အကြမ်းဖက်သမားတွေရဲ့ ကြိုတင် စီစဉ်ထားတဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုလို့ တရုတ်အစိုးရဖက်က ပြောပါတယ်။ ဒါပေမယ့် အစိုးရအမြင်ကို လက်မခံသူတွေက မငြိမ်သက်တဲ့ ပြည်နယ်အတွင်း လူမျိုးစုတွေကြား တင်းမာရာကနေ ထိပ်တိုက် ပဋိပက္ခဖြစ်တာလို့ ထောက်ပြကြပါတယ်။

ကမ္ဘာ့ဝီဂါအဖွဲ့ကလည်း အစိုးရ ပြောတာကို ငြင်းဆန်ပြီး ဒါဟာ အစိုးရရဲ့ သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကြောင့် ပဋိပက္ခတွေ ဖြစ်တာလို့ ပြောပါတယ်။ အစိုးရသတင်းမီဒီယာတွေမှာ အခု သေဒဏ်ပေးခံရတဲ့သူတွေကို မူဆာဟာဆင်နဲ့ သူ့ကို အကူအညီပေးသူကိုတော့ ရီမန်ဟူပါလို့ ရေးသားဖေါ်ပြထားပြီး နောက်ထပ် သုံးယောက်ကိုလည်း နှစ်ရှည် ပြစ်ဒဏ်တွေချခဲ့ပါတယ်။ ဒီလူတွေဟာ တရားမဝင် ဘာသာရေးလှုပ်ရှားမှုနဲ့ ဘာသာရေး အစွန်းရောက်မှုတွေဖြစ်အောင်လည်း ဝါဒဖြန့်မှုတွေ လုပ်နေတယ်လို့ ဆင်ဝှါသတင်းမှာ တရားရုံးတွေ့ရှိချက်ကို ရည်ညွှန်းပြီး ဖေါ်ပြပါတယ်။

သူတို့ ဖေါက်ခွဲရေး လက်နက် ၁၀ ခုလောက် လုပ်ပြီး စမ်းသပ်ဖေါက်ခွဲကြတယ်လို့လည်း ဆိုပါတယ်။

ရှင်ဂျန်ပြည်နယ်မှာ လူနည်းစု ဝိဂါမွတ်ဆလင်တွေဟာ ဒေသတွင်းလူဦးရေရဲ့ ၄၅ရာခိုင်နှုန်း လောက် ရှိပါတယ်။

ဒါပေမယ့် အခုအခါမှာ တရုတ် ဟန်မျိုးနွယ်တွေကြောင့် သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ မှေးမှိန်လာနေတာ တွေ့ရပါတယ်။ အာဏာပိုင်တွေကတော့ ဒေသတွင်း အကြမ်းဖက်မှုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းခံနေတဲ့ ဝိဂါအစွန်းရောက်သမားတွေကို အပြစ်တင်ပါတယ်။ တရုတ်အစိုးအရအနေနဲ့ ဖိနှိပ် အုပ်ချုပ်လို့ရအောင် အန္တရာယ်ကို ပုံကြီးချဲ့နေတယ်လို့ ဝိဂါတက်ကြွလှုပ်ရှားသူတွေကလည်း စွပ်စွဲပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ