အီဂျစ် ဒုတိယသမ္မတ ရာထူးက နှုတ်ထွက်ပြီ

  • 14 ဩဂုတ် 2013
egypt vice president
Image caption အီဂျစ် ဒုတိယသမ္မတ မိုဟာမက် အယ်လ်ဘာရာဒေး

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ အီဂျစ် ယာယီ ဒုတိယ သမ္မတ မိုဟာမက် အယ်လ်ဘာရာဒေး ရာထူးက နှုတ်ထွက် သွားပါတယ်။

အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံ ဆန္ဒပြ နေကြတဲ့ ကိုင်ရိုမြို့တော်က သပိတ်စခန်း ၂ ခုကို လုံခြုံရေးတွေက ဒီကနေ့မှာတော့ စတင် ဖြိုခွင်း ခဲ့ပြီ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ရာဘာ အယ်လ်အက်ဒါဝီရ ဗလီ အနီးက အဓိက သပိတ်စခန်းကို ဝင်ရှင်းရာမှာ တော့ နာရီပေါင်းအတော်ကြာ ပစ်ခတ်ဖြိုခွင်း ခဲ့ရပါတယ်။ အဲဒီ သပိတ်စခန်းအပေါ် ကောင်းကင်ယံမှာတော့ ကားတာယာကို မီးလောင်လို့ ထွက်လာတဲ့ မီးခိုးလုံးတွေနဲ့ ပိန်းမှောင်နေပါတယ်။

အဲဒီနေရာတဝိုက်ကိုတော့ လုံခြုံရေးတွေက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြသူတွေကနေ အဲဒီကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် အနီးအနား လမ်းတွေပေါ်မှာ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကနေ ခဲတွေနဲ့ ပစ်ပေါက်ရာ လုံခြုံရေးတွေက တကယ့်ကျည်အစစ်တွေနဲ့ ပြန်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။ အဲဒီနေရာ တဝိုက် ဆေးရုံးတွေ ကိုလည်း လုံခြုံရေးတွေက ထိန်းချုပ်ထားလိုက်ပြီလို့ သူကပြောပါတယ်။

မွတ်ဆလင်ညီနောင်များအဖွဲ့ကတော့ သေဆုံးသူ ရာဂဏန်း ရှိတယ်လို့ ပြောနေပေမယ့် ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး သတင်းတွေဟာ အကြီးအကျယ် ကွဲလွဲမှုတွေ ရှိနေပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ အဲဒီဗလီနားမှာ လူ ၅၆ ဦး သေဆုံးတယ်လို့ ဖော်ပြပြောဆိုတာ ရှိပါတယ်။

မွတ်ဆလင်ညီနောင်များအဖွဲ့ကတော့ သူတို့အဖွဲ့ကို ထောက်ခံသူတွေအနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။

ရဲကတော့ လူအုပ်စုတွေ တခုနဲ့တခု ပေါင်းစပ်လို့ မရအောင် ကာကွယ်တားဆီးနေပါတယ်။

ထောင်နဲ့ချီတဲ့လူတွေဟာ ကိုင်ရို အနောက်ဘက်က ဗလီ တခု အပြင်မှာ စုရုံးခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ