အီဂျစ်မှာ နှစ်ဖက် ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ ကုလ သတိပေး

  • 16 ဩဂုတ် 2013
ပြည်ထဲရေးဝန်ကြီးကရဲတွေကို ပစ်မိန့်ပေးထားပါတယ်။
Image caption ပြည်ထဲရေး ဝန်ကြီးက ရဲတွေကို ပစ်မိန့် ပေးထားပါတယ်

မွတ်ဆလင်ညီနောင်ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းမှုကြောင့် လူပေါင်း ၆၀၀ကျော် သေဆုံးတယ်လို့ အီဂျစ်အစိုးရက ကြေညာပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပေါ် တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အီဂျစ် ပဋိပက္ခမှာ နှစ်ဖက်စလုံးထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ အစည်းအဝေး အပြီး တိုက်တွန်းလိုက်ပါတယ်။

သမ္မတ အိုဘားမားကလည်း အခုအကြမ်းဖက်နှိမ်နင်းမှုကိုရှုတ်ချလိုက်ပြီး အီဂျစ်နဲ့ပူးတွဲ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်တယ်လို့ ကြေညာပါတယ်။

ဒါပေမယ့် အမေရိကန်က အီဂျစ်ကိုပေးနေတဲ့ ဒေါ်လာ သန်းတထောင်ကျော်ကို ဖြတ်ပစ်မယ်လို့တော့ သမ္မတက မပြောပါဘူး။ ဒါနဲ့ပတ်သက်လို့ အထက် လွှတ်တော်အမတ် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် ဂျွန်မက်ကိန်းကတော့ ရွေးကောက်ခံထားရတဲ့ သမ္မတ မော်စီကိုဖြုတ်ချ ခံရတာဟာ အာဏာ သိမ်းတာဖြစ်ပြီး အီဂျစ်ကိုပေးနေတဲ့ အမေရိကန်ရဲ့ ထောက်ပံ့ရေးကို ရပ်ဆိုင်းသင့်တယ်လို့ ဝေဖန်ပါတယ်။

အခုအခါ အီဂျစ်မှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြည်ထဲရေးဝန်ကြီးက ရဲကို ခုခံကာကွယ်ဖို့ ကျည်ဆံ အစစ်တွေသုံးဖို့ ခွင့်ပြုထားပါတယ်။ ကြာသပတေးက ပဋိပက္ခတွေအတွင်း မှာမွတ်ဆလင် ညီနောင်အဖွဲ့က ကိုင်ရိုမှာ အစိုးရရုံးတရုံးကို မီးတင်ရှို့ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီပါလေးကတော့ သီးခြား ဘက်မလိုက်တဲ့ စုံးစမ်း စစ်ဆေးရေးလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အရွေးခံထားရတဲ့ သမ္မတဟောင်း မော်စီကိုတော့ အခုအခါ၂၀၁၁ခုနှစ် ထောင်ဖေါက်မှုမှာ လူသတ်မှု ကျူးလွန်တယ်ဆိုပြီး ထိန်းသိမ်း ထားကြောင်း အီဂျစ်အစိုးရ မီဒီယာတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ