ကိုင်ရိုဗလီထဲ လုံခြုံရေးတပ်ဖွဲ့ ဝင်ရောက် ရှင်းလင်းခဲ့

  • 18 ဩဂုတ် 2013
Image caption အီဂျစ်က ရုန်းရင်ဆန်ခတ် အခြေအနေ မြင်ကွင်း

အီဂျစ်မှာ အတွင်းကနေ မွတ်ဆလင် ညီနောင်များအဖွဲ့ ထောက်ခံသူတွေ အရံအတားချထားတဲ့ ကိုင်ရိုက al-Fateh ဗလီကိုဝင်ရောက် ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။

နိုင်ငံခြားသားတချို့ အပါအဝင် လူတော်တော်များများကိုလဲ ဖမ်းဆီး ခဲ့တယ်လို့ ဘီဘီစီကို လုံခြုံရေး တပ်ဖွဲ့ က ဆိုပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ထောင်ခံသူ ၂၅ဝကို လူသတ်ရန် ကြံစည်ကြိုးစားမှုနဲ့ အကြမ်းဖက်မှု အပါအဝင် ပြင်းထန်တဲ့ စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

မျက်မြင် သက်သေတွေ အပြောအရ ဗလီ အတွင်းက မွတ်ဆလင် ညီနောင်များ ထောက်ခံသူတွေနဲ့ အပြင်က ဝိုင်းထားတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ နာရီပေါင်း တော်တော် ကြာတယ်လို့ ဆိုပါတယ်။

ဗလီရဲ့ အဓိက မျှော်စင် ထိပ်ဖျားက သေနတ်သမားနဲ့ မြေပြင်က လုံခြုံရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်နေပုံကို ရုပ်မြင်သံကြားမှာ တွေ့ရပါတယ်။

အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ကစပြီး စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရက ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ပေမယ့် ဒီကြေညာချက်ကို သွေဖီပြီး မြို့ကြီး တော်တော်များများမှာ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ကိုင်ရို တောင်ပိုင်းက Helwan ဟယ်လ်ဝမ်နဲ့ Minya မင်းရာ့ မြို့တွေမှာ ဆန္ဒပြနေကြတာကို ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့ရပါတယ်။

အလက်ဇန်း ဒရီးယား မြို့ကို သွားတဲ့ ကမ်းရိုးတမ်း လမ်းတလျှောက်နားမှာ စစ်တပ်က တင့်ကားတွေ စီတန်း သွားနေတာ ကိုလည်း တွေ့ရပါတယ်။

အစ္စလာမ် ဝါဒီ မွတ်ဆလင် ညီနောင်များ အဖွဲ့ အာဏာပြန်ရဖို့ ဆိုတာကတော့ ၊ သူ့အဆိုအရ ၊ မဖြစ်နိုင်တော့ဘူးလို့ ကိုင်ရိုမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ကြားဖြတ် အစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း အစိုးရက မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ဖျက်သိမ်းပစ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ