အီဂျစ် မှာ ဆန္ဒပြသူ နောက်ထပ် ၈၀ ကျော် သေကျေ

  • 17 ဩဂုတ် 2013
အီဂျစ်
Image caption အီဂျစ် မှာ ဆန္ဒပြသူတွေ ကို အပြင်းအထန် နှိပ်ကွပ် ဖြိုခွဲနေ

အီဂျစ်နိုင်ငံမှာ Muslim Brotherhood မွတ်ဆလင်ညီနောင်များ ပါတီ ကို ထောက်ခံအားပေးသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြရာမှာ အနည်းဆုံး လူ ၈၀ ကျော် သေဆုံး ခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ကိုင်ရိုမြို့ ရမ်ဆီ ရင်ပြင်မှာ ဒေါသ အမျက်ထွက်နေကြတဲ့ တရက်တာ ဆန္ဒပြနေကြသူတွေကို စစ်တပ်က ပစ်ခတ် လူစုခွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးရသူအများစု က ကိုင်ရို က ဆန္ဒပြပွဲတွေ မှာ သေဆုံးခဲ့ရပြီး အခြား မြို့တွေ မှာလည်း လူ သေဆုံးတာတွေ အထိ ပြင်းထန်ခဲ့ပါတယ်။

အခုအခါ အီဂျစ်နိုင်ငံ က နေရာ အများစုမှာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ထားပြီ ဖြစ်ပေမယ့် လမ်းမတွေပေါ်မှာ လူအတော်များများ ရှိနေကြဆဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှု ဆိုတာ ကို အဆုံးမသတ်မချင်း ဆန္ဒပြမှုတွေ နေ့စဉ် ဆက်လုပ်သွားဖို့ မွတ်ဆလင်ညီနောင်များ ပါတီ ကို ထောက်ခံ အားပေးသူတွေက လှုံ့ဆော်ထားပါတယ်။

Alexandria မြို့က ဆန္ဒပြပွဲမှာ ပါတဲ့ မွတ်ဆလင်ညီနောင်များ ပါတီ ထောက်ခံသူတဦးက အခု လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက်ရဲ့ အစိုးရနဲ့ အတူတူပဲလို့ ပြောပါတယ်။

အီဂျစ် လမ်းမတွေ အထူးသဖြင့် ဆန္ဒပြသူတွေ စုဆုံရာ ကိုင်ရို က ရမ်ဆီ ရင်ပြင်မှာတော့ ဒေါသထွက်နေ ယူကျုံးမရ ပေါက်ကွဲ နေကြတဲ့ ပြည်သူတွေရဲ့ အသံတွေ လှုပ်ရှားမှုတွေ နဲ့ ပြည့်နှက်နေပါတယ်။

တချို့ သုံးသပ်သူတွေ ကလည်း စစ်တပ် ဘက်ကကော မွတ်ဆလင် ညီနောင်များ အဖွဲ့ ကပါ လျှော့သင့်တယ် ဆိုတဲ့ အမြင် ကို ပြောနေပေမယ့် လက်တွေ့ အီဂျစ် မြင်ကွင်း ကတော့ လူအုပ်စု ကြီးတွေက လှုပ်ခတ် ပေါက်ကွဲ နေသလို ပစ်ခတ် နှိမ်နှင်း တာတွေ က လည်း မစဲ ပဲဖြစ်နေ ဆဲပါ။