အီဂျစ်အရေး ကြားဖြတ်အစိုးရ ဆွေးနွေး

  • 18 ဩဂုတ် 2013
Image caption မွတ်ဆလင် ညီနောင်များ အဖွဲ့ကတော့ ဆန္ဒပြ မှုတွေ ထပ်လုပ်ဖို့ ဆော်သြထား ပါတယ်

အီဂျစ် နိုင်ငံမှာ မွတ်ဆလင် ညီနောက်များ အဖွဲ့ ထောက်ခံသူ ဆန္ဒပြ သမား တွေကို အရေးယူ ဆောင်ရွက်မှု ကြောင့် အကြီး အကျယ် သေဆုံး ခဲ့ရ မှုတွေ၊ အကြမ်းဖက် မှုတွေ နဲ့ ပတ်သက်ပြီး စစ်တပ် ကျောထောက် နောက်ခံ ပေးထားတဲ့ အီဂျစ် ကြားဖြတ် အစိုးရ ကနေ ကက်ဘိနက် အစည်း အဝေး ပြုလုပ် နေပြီ ဖြစ်ပါတယ်။

ဒီ အစည်း အဝေးမှာ အဖြုတ်ချခံ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ဖျက်သိမ်းရေး အဆိုပြုချက်ကို ဆွေးနွေး ဖို့ ရှိနေ ပါတယ်။

အစည်း အဝေး မလုပ်ခင် မနက်မှာလည်း လုံခြုံရေး တပ်ဖွဲ့ တွေဟာ ဒါဇင်နဲ့ ချီတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ထောက်ခံ သူတွေကို နိုင်ငံ တဝန်း ဖမ်ဆီး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အစောပိုင်းတုန်း ကတော့ နိုင်ငံ ခြားရေး ဝန်ကြီး နဗီ ဖက်မီက လုံခြုံရေး တပ်ဖွဲ့ တွေကနေ အဖြုတ်ချခံ သမ္မတ မော်စီကို ထောက်ခံတဲ့ ဆန္ဒပြသူတွေ အပေါ် အရေးယူ ဆောင်ရွက်ခဲ့ တာတွေဟာ ဥပဒေမဲ့ လက်လွတ်စပယ် လုပ်ခဲ့တာ မဟုတ့်ဘူးလို့ ပြောကြားပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ထိန်းထိန်း သိမ်းသိမ်း မဆောင်ရွက်ခဲ့ ပါက ဒီထက်ကို သေဆုံးသူ ပိုများ သွားမှာ ဖြစ်တယ်လို့ သူက ပြောကြား ပါတယ်။

အီးယူ သဘောထား

Image caption အီးယူဟာ အီဂျစ်ကို ဒေါ်လာ ဘီလျံနဲ့ချီ ကူညီဖို့ ကတိပြု ထားတာ ဖြစ်ပါတယ်

ဥရောပ သမဂ္ဂ အနေနဲ့ အီဂျစ် နိုင်ငံနဲ့ ဆက်ဆံရေးကို လက်မယ့် ရက်ပိုင်း အတွင်း ပြန်လည် ဆန်းစစ် မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတိပေး ပြောကြား လိုက် ပါတယ်။

အီဂျစ် အစိုးရ အနေနဲ့ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့် အရေး တွေကို အသိအမှတ် မပြုလို့ မရနိုင်ကြောင်း အီးယူရဲ့ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြထားပြီး၊ သွေးထွက် သံယို ဖြစ်မှုတွေကို နည်းနိုင် သမျှ အနည်းဆုံး ဖြစ်အောင် လျှော့ချ ရမယ်လို့ တောင်းဆိုထား ပါတယ်။

နောက်ပြီး အကြမ်းဖက်မှု တွေနဲ့ သတ်ဖြတ်မှု တွေဟာ လက်ခံနိုင် စရာ ဒါမှမဟုတ် ခွင့်လွှင့်လို့ ရတဲ့ အရာတွေ မဟုတ်ဘူးလို့လည်း ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

အီးယူဟာ အီဂျစ်ကို ဒီနှစ်နဲ့ နောက်နှစ်တွေ အတွက် ချေးငွေ နဲ့ ကူညီငွေ ဒေါ်လာ ဘီလျံနဲ့ချီ ကတိပြု ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ