အကြမ်းဖက်မှု မှန်သမျှကို သည်းညည်းခံမှာ မဟုတ်ဘူးလို့ စီစီ သတိပေး

  • 19 ဩဂုတ် 2013
Image caption အကြမ်းဖက်မှုတွေကို သတိပေးတဲ့ ဗိုလ်ချုပ်ကြီး

အီဂျစ် နိုင်ငံမှာ အကြမ်းဖက်မှု မှန်သမျှကို သည်းညည်း ခံမှာမဟုတ်ဘူးလို့ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ မော်စီကို ထောက်ခံသူတွေကို စစ်တပ် အကြီးအကဲ Abdel Fattah al-Sisi က ပြတ်ပြတ်သားသား သတိပေး လိုက်ပါတယ်။

ဒါပေမယ့် အီဂျစ် ပြည်သူတွေ အားလုံးမှာ အခွင့်အရေး ကိုယ်စီ ရှိကြပါတယ်လို့ မစ္စတာ စီစီ က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စတာ မော်စီရဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ ထောက်ခံသူတွေကို နှိမ်နင်းဖို့ လုံခြုံရေး တပ်ဖွဲ့တွေ ချထားခဲ့ပြီးနောက် ဒါဟာ သူ့ရဲ့ ပထမဆုံး ဝေဖန်ချက် ဖြစ်ပါတယ်။

ရုန်းရင်းဆန်ခတ် မှုတွေကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေ တနေ့တည်းမှာတင် ပဋိပက္ခတွေကြောင့် လူ၈ဝကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကိုင်ရိုမြို့က ချီတက်ဆန္ဒပြပွဲတွေထဲက တခုကို မွတ်ဆလင် ညီနောင်များ အဖွဲ့က ရုတ်သိမ်းခဲ့ပေမယ့် တခြား ဆန္ဒပြမှုတွေကိုတော့ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

ဆော်ဒီ အာရေဗျမှာ ထင်ရှားတဲ့ ကူဝိတ် တရားဟော ဆရာ Tareq Al-Suwaidan ကို အီဂျစ်က မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ ဆက်စပ်မှု ရှိလို့ဆိုပြီး ဘာသာရေး ဆိုင်ရာ ရုပ်သံလိုင်းရဲ့ ဒါရိုက်တာ အဖြစ်ကနေ ရာထူးရပ်စဲလိုက်ပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် တွေကို သူတို့ လုပ်ငန်းမှာ နေရာချထားပေးမှာ မဟုတ်ဘူးလို့ ရုပ်သံလိုင်း ပိုင်ရှင် ဆော်ဒီ မင်းသား Alwaleed bin Talal က ပြောပါတယ်။

သမ္မတမော်စီကို ရာထူးက ဖယ်ရှားခံခဲ့တဲ့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ အီဂျစ် အစိုးရကို ကူဝိတ် တရားဟော ဆရာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်မှာ မတည်မငြိမ် ဖြစ်နေတာကို ဆန့်ကျင်ပြီး အတူတကွ ရပ်တည်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း ဘုရင် အဗ္ပဒူလာ က အာရပ်နိုင်ငံတွေကို ဆော်သြခဲ့ပါတယ်။

အီဂျစ်က စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ထောက်ခံသူတွေကို နှိမ်နင်းနေမှု အပေါ် အနောက်နိုင်ငံတွေက ဖိအားပေး နေတာကို ဆော်ဒီ အာရေဗျက သတိပေးလိုက်ပါတယ်။

သူ့အဆိုအရ ခြိမ်းခြောက်မှုတွေ လုပ်နေလို့ ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူးလို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး မင်းသား ဆာ့ဒ် အယ်လ် ဖိုင်ဇယ်က ပြောပါတယ်။

အီဂျစ်နဲ့ ဆက်ဆံရေးကို အမြန် ပြန်လည် သုံးသပ်မယ့်လို့ ဥရောပ သမဂ္ဂက ပြောကြားပြီးတဲ့နောက် တရက်တည်းမှာ အခုလို သူ့ရဲ့ ဝေဖန် ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။