အီဂျစ် အရေး နဲ့ အမေရိကန် ပေါ်လစီ အကြပ်အတည်း

  • 18 ဩဂုတ် 2013
egypt
Image caption မငြိမ်မသက် အီဂျစ် မြင်ကွင်း

အီဂျစ် မငြိမ်သက်တာတွေ နဲ့ အတူ အမေရိကန် ရဲ့ အီဂျစ် ဆိုင်ရာ ပေါ်လစီ လည်း အကြပ်အတည်းဆိုက် နေပါတယ်။

အီဂျစ် က အခြေအနေ ကတော့ ဗလီမှာ အခြေစိုက်ထားတဲ့ ဆန္ဒပြသူတွေ ကို လုံခြုံရေးတပ်ဖွဲ့တွေ က ဝင်ပြီး ပစ်ခတ်ရှင်းရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် သွေးချောင်းစီး မတတ် နှိပ်ကွပ်မှုတွေ ကြောင့် လူတွေရာနဲ့ချီ သေဆုံးခဲ့သလို ထောင်နဲ့ချီတဲ့သူတွေ လည်း ဒဏ်ရာရခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေ ကို အပြင်းအထန် ရှုတ်ချထားပေမယ့် အခုအချိန် ထိ အီဂျစ်မှာ စစ်တပ် က အာဏာသိမ်း လိုက်တယ် ဆိုတဲ့ အသုံးအနှုန်း ကို မသုံးပါဘူး။

အီဂျစ် စစ်တပ် နဲ့ သူ ဆက်ဆံရေး ပျက်မှာ ကို စိုးရိမ်နေတဲ့ပုံပါ။

အများအမြင်မှာတော့ အီဂျစ်မှာ ဖူးသစ်စ ပြုလာတဲ့ ဒီမိုကရေစီ ပျက်သုန်း ကိန်းကြုံနေပြီဆိုတာ ကိုတွေ့လာနေသလို ကိုင်ရိုနဲ့ပတ်သက်တဲ့ အမေရိကန် ပေါ်လစီ က သိက္ခာကျ လာနေပါတယ်။

အမေရိကန် က အီဂျစ် နဲ့ပတ်သက်ရင် ဒီမိုကရေစီနဲ့ သူ့အမျိုးသား လုံခြုံရေး အကျိုးစီးပွားတွေကြား ထိန်းညှိ ကစား ခဲ့တာပါ။

အီဂျစ်မှာ ဘယ်သူအာဏာကိုင်ထားထား အဲဒီသူနဲ့ သူတို့ တည့်အောင်ပေါင်းခဲ့တဲ့ ပေါ်လစီနဲ့ သွားခဲ့တာပါ။

အခုတော့ ကိုင်ရိုမှာ သူ့မိတ်ဆွေ မကျန်တော့တဲ့ အဖြစ် ကိုကြုံနေရသလို သြဇာလည်း သိပ်မလွှမ်း နိုင်တော့ ပါဘူး။

၂၀၁၁ တုန်းက အီဂျစ် ပြည်သူတွေ တဟီရာ ရင်ပြင်မှာ စုစည်းပြီး သမ္မတ ဟော်စနီ မူဘာရက် ကို ဖြုတ်ချဖို့လုပ်တုန်း က အီဂျစ်ပြည်သူတွေ ကို ထောက်ခံဖို့ အမေရိကန် တုန့်နှေးခဲ့ပါတယ်။

ဒီတော့ အီဂျစ်ပြည်သူတွေ ရဲ့ ထောက်ခံမှု ကို လက်လွှတ်ခဲ့ ရပါတယ်။

အီဂျစ်ပြည်သူတွေ ကို ကျောခိုင်းမျက်ကွယ်ပြုခဲ့တာ လို့ စွပ်စွဲသံတွေ က အခုထိ ရှိဆဲပါ။

လောလောဆယ် အဖြစ်တွေနဲ့ ပတ်သက်လို့ အမေရိကန် ရဲ့ သံတမန်ရေးရာ တွေ ကို ပြန်ကြည့်မယ် ဆိုရင်လည်း အီဂျစ် လူထု က သမ္မတ မော်စီ ကိုဆန့်ကျင် ဆန္ဒပြ ကြစဉ် သမ္မတ မော်စီ ကို စစ်တပ် နဲ့ ညှိပါ၊ ပြည်သူတွေ နဲ့ ညှိပါ လို့ နားချ ပေမယ့် လည်း သူတို့ မအောင်မြင် ခဲ့ပြန်ပါဘူး။

နောက်ပိုင်းမှာတော့ စစ်တပ် ဘက်လှည့်ပြီး သမ္မတမော်စီ ကို မဖြုတ်ချ ပါနဲ့လို့ တိုက်တွန်း ပြန်တော့လည်း အီဂျစ်စစ်တပ် က သူ့စကား ကိုနားမထောင်တာ ကို ကြုံရပြန်ပါတယ်။

အာဏာသိမ်းပြီးပြန်တော့လည်း တခါ စစ်တပ်နဲ့ သမ္မတ မော်စီတို့ ကြား ညှိနှိုင်း ကြဖို့ ကြိုးစားပြန်ပါသေးတယ်၊ ဒါပေမယ့် အရာမထင်ခဲ့ပြန်ပါဘူး။

အီဂျစ် ကို အမေရိကန် က နှစ်စဉ်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံထောက်ပံ့ ကူညီ နေတာ ဖြစ်ပြီး အများစု က စစ်တပ် ဘက်ကို သွားနေတာပါ။

ဒါပေမယ့် ဒီနေ့ ဒီအခြေအနေ မှာ အီဂျစ် အကြပ်အတည်း နဲ့အတူ အမေရိကန် ရဲ့ အီဂျစ် ဆိုင်ရာ ပေါ်လစီ လည်း အကြပ်အတည်း ထဲရောက်နေပါတယ်။