ဂါးဒီယန်း သတင်းထောက်ရဲ့ လက်တွဲဖော်ကို ဖမ်းဆီးမှု ထရီစာမေ ကာကွယ် ပြောဆို

Image caption သတင်းထောက် Gleen Greenwald (ယာ)နဲ့ သူ့လက်တွဲဖော် David Miranda ( ဝဲ )

လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို အစိုးရက ကြားဖြတ် နားထောင်တဲ့ အစီအစဉ်ကို လူသိရှင်ကြား ဖွင့်ချခဲ့တဲ့ သတင်းထောက်ရဲ့ လက်တွဲဖော်ကို အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေနဲ့ ရဲက ထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ထရီစာမေက ကာကွယ် ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဒေးဗစ် မရန်ဒါကို လန်ဒန် ဟီးသရိုး လေဆိပ်မှာ ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေကို အကူအညီပေးနိုင်တယ်လို့ ယူဆရတဲ့ အတိမ်းအစောင်း မခံတဲ့ အရေးကြီး သတင်းအချက်အလက်တွေကို တစုံတယောက်က လက်ဝယ် ထားရှိကြောင်း ရဲက ယူဆရင် ရဲမှာ အရေးယူပိုင်ခွင့် ရှိတယ်လို့ မစ္စက် မေက ပြောပါတယ်။

မစ္စတာ မရန်ဒါဟာ သူ့လက်တွဲဖော် Glenn Greenwald ကို အကူအညီ ပေးဖို့ ကြားဝင် ဆောင်ရွက်ပေးသူသာ ဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင် ပေးတဲ့ သတင်းတွေကို ဖြန့်ပေးနေတဲ့ ဂါးဒီယန်း သတင်းစာ အယ်ဒီတာ Alan Rusbridger က ပြောပါတယ်။