မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီ အဖမ်းခံရ

  • 20 ဩဂုတ် 2013
Image caption အဖမ်းခံလိုက်ရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီ

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို စွဲချက်သစ်တွေနဲ့ အစိုးရ ရှေ့နေတွေက တရားစွဲခဲ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံဆော် ဖန်တီးမှု စွပ်စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အခု တင်မယ့် စွဲချက်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သမ္မတ နန်းတော် အပြင်ဖက်က ဆန္ဒပြသမားတွေ သေဆုံးရမှုနဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၇ပတ်လောက်တုန်းက ရာထူးက ဖယ်ရှား ဖမ်းဆီး ထိန်းသိမ်း ခံရပြီးတဲ့နောက် မစ္စတာ မော်စီကို လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။

အီဂျစ်မှာ နိုင်ငံရေး ပဋိပက္ခတွေ ပိုမို ဆိုးရွားလာခဲ့ပြီး ဆိုင်းနိုင်း ကျွန်းဆွယ်မှာ အစ္စလာမ် ဝါဒီ စစ်သွေးကြွလို့ ယူဆရသူတွေရဲ့ လက်ချက်နဲ့ ရဲအရာရှိ ၂၄ယောက် သေဆုံးခဲ့ရပြီး နာရီပိုင်း အကြာမှာ မစ္စတာ မော်စီကို စွဲချက်တင်မယ့် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ရဲအရာရှိ နှစ်ဆယ့်လေးယောက် အသတ်ခံလိုက်ရတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်ကြာ ကျင်းပမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကိုင်ရိုမြို့မှာ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင်တွေထဲက တယောက် ဖြစ်တဲ့ မိုဟာမက် ဘေဒီကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ အီဂျစ် ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။